Sunday, September 30, 2007

သစ္စာစကား နဲ့ မေတ္တာတန်ခိုး


ဟိုး--ရှေးရှေးတုန်းကတိုင်းပြည်တစ်ပြည်ကဘုရင်ကြီးတစ်ပါးမှာလိမ္မာရေးခြားရှိတဲ့သမီးတော်တစ်ပါးရှိသတဲ့။ တစ်နေ့အဲဒီသမီးတော်ကသူဆင်းရဲသားတစ်ယောက်နဲ့ချစ်ကြိုက်နေတာကိုဖခမည်းတော်ကြီးကသိသွားပြီး၊အရမ်းကိုစိတ်ဆိုးသွားတယ်တဲ့။နောက်သမီးတော်ကိုနယ်နှင်ဒဏ်ပေးလိုက်တော့၊သမီးတော်လေးခမျာမှာလည်းသူချစ်သူနဲ့အတူဇနပုဒ်လေးတစ်ခုကိုသွားပြီးလယ်ယာလုပ်ကိုင်ယင်းနေထိုင်စားသောက်နေခဲ့ကြပါသတဲ့။

အဲဒီလိုနေထိုင်လာလိုက်တာ ရက်တွေလည်းပြောင်း၊နှစ်တွေလည်းငြောင်းလာ တာပေါ့။ တစ်နေ့သမီးတော်လေးနေထိုင်တဲ့ဇနပုဒ်လေးကို နေပြည်တော်က သတင်းတစ်ခု ရောက်လာပါသတဲ့။ဘုရင်ကြီးနေမကောင်းဖြစ်နေပြီး၊နတ်ရွာစံတော့မယ်တဲ့။


အဲဒီသတင်းကိုကြားတော့သမီးတော်လေးခမျာစိုးရိမ်ပူပန်ပြီးဘာလုပ်ရမလဲလို့စဉ်းစားသတဲ့။ နောက်ချက်ချင်းပဲသူနေပြည်တော်ကထွက်လာတုန်းကသူနဲ့အတူပါလာခဲ့တဲ့လက်ဝတ်လက်စားတွေအားလုံးကိုရောင်းချပြီး၊ ရောင်းလို့ရတဲ့ငွေတွေနဲ့ရွာနီးစပ်ကဆင်းရဲသားတွေကိုအချိုးကျငွေထုတ်ချေးပါသတဲ့။ အဲဒီလိုငွေလာချေးလိုက်ကြတာတစ်တိုင်းပြည်လုံးကသူဆင်းရဲသားတွေ အားလုံးနီးပါးပါတဲ့။ငွေထုတ်ချေးယင်းသမီးတော်ကဘာမှာသလဲဆိုရင် ဒီငွေတွေကိုဘုရင်ကြီးနတ်ရွာစံမှပဲပြန်ဆပ်ပေးကြတဲ့။

ဆင်းရဲသားတွေကသူငွေတွေကိုချေးကြတာပေါ့။ပြီးတော့ဒီငွေတွေကိုသူတို့ ပြန်မဆပ်ချင်တော့ ဘုရင်ကြီးနေကောင်းပါစေ။သက်တော်ရာကျော်ရှည်ပါစေဆိုပြီးဘုရားကျောင်းတွေမှာ၊စိတ်ရောကိုယ်ပါဆုတောင်းကြပါသတဲ့။
အဲဒီလိုတိုင်းသူပြည်သားအားလုံးကစိတ်ရောကိုယ်ပါဆုတောင်းပေးလိုက်တော့၊ ဘုရင်ကြီးလည်းချက်ချင်းကိုနေပြန်ကောင်းလာပါသတဲ့။ သမားတော်ကြီးတွေကတောင်လက်လျော့ထားရတာ၊ဘာကြောင့်များအခုလိုနေပြန်ကောင်းလာရသလဲဆိုပြီးမှုးမတ်တွေကစုံစမ်းလိုက်တော့ ဇနပုဒ်တစ်ခုကလယ်သူမလေးအကြောင်းကိုကြားသွားပါသတဲ့။အဲဒီတော့ဘုရင်ကြီးလည်းလယ်သူမလေးကဘာကြောင့်များအခုလိုလုပ်ရသလဲဆိုတာသိချင်လာတော့၊သူရှေ့ကိုဆင့်ခေါ် လိုက်ပြီး၊အကြောင်းရင်းကိုမေးပါသတဲ့။


လယ်သူမလေးက---"မှန်ပါဘုရား။အရှင်မင်းကြီးနာမကျန်းဖြစ်နေတဲ့အခါ အကျွန်မျိုးတတ်နိုင်တာကတော့အရှင်မင်းကြီးကျန်းမာစေဖို့ဘုရားမှာ ဆုတောင်းပေးနိုင်ရုံတစ်ခုပဲတတ်နိုင်ခဲ့ပါတယ်။အကျွန်မျိုးတစ်ယောက်တည်းနဲ့ဆုတောင်းတာနဲ့စာရင်တိုင်းသူပြည်သားလူအများကပါဝင်လာရင်၊ ပိုပြီးထိရောက်နိုင်မယ်ဆိုပြီး အခုလိုလုပ်ရတာပါဘုရား" လို့ဆိုသတဲ့။


အဲဒီအခါဘုရင်ကြီးက " ဟဲ့-သူငယ်မကတော့ ငါကိုယ်တော်ကို တကယ် ကျန်းမာစေချင်လို့ ဆုတောင်းခဲ့တာဟုတ်ပေမယ့်၊ ငွေချေးတဲ့သူတွေကတော့ သူတို့ငွေတွေပြန်မပေးချင်လို့ အဲဒီလိုဆုတောင်းတာဖြစ်မနေဘူးလား?" လို့မိန့်တော်မူသတဲ့။


လယ်သူမလေးက--"မှန်ပါဘုရား။ အကျွန်မျိုးက အရှင်မင်းကြီးကို ကျန်းမာစေချင်တယ်ဆိုတဲ့ အကျွန်မျိုးအတွက် တကယ့်ကိုမှန်ကန်တဲ့ စကားကိုဆိုပြီး ဆုတောင်းခဲ့ပါတယ်။ငွေချေးတဲ့သူတွေကလည်းသူတို့ချေးထားတဲ့ငွေတွေကိုပြန်မဆပ်ချင်ဘူးဆိုတဲ့ သူတို့အတွက်၊သူတို့ရဲ့မှန်ကန်တဲ့စကားဆိုပြီး၊ အရှင်မင်းကြီး ကျန်းမာစေဖို့ ဆုတောင်းခဲ့ကြတာဖြစ်နိုင်ပါတယ်။ကျွန်တော်မျိုးမအပါအဝင်ပြည်သူပြည်သားအားလုံးဟာ ကျွန်တော်မျိုးတို့ ဘဝရဲ့မှန်ကန်တဲ့သစာစကားကိုဆိုပြီး ဆုတောင်းခဲ့ကြတာဖြစ်လို့ ကျွန်တော်မျိုးတို့ရဲ့ ဆုတောင်းတွေပြည့်ဝရတာပါအရှင်ဘုရား"လို့ လျှောက်တင်လိုက်သတဲ့။


အဲဒီတော့ဘေးနားကအမတ်ကြီးက ""လူသားတွေအားလုံး ကိုယ့်ဘဝရဲ့ မှန်ကန်တဲ့သစ္စာစကားကိုဆိုပြီး၊ ရင်ထဲအသည်းထဲကနေ စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲမေတ္တာထား ဆုတောင်းမယ်ဆိုရင်၊ အဲဒီဆုတောင်းတွေ ပြည့်လာနိုင်ပါတယ် ဘုရား"" လို့လျှောက်တင်လိုက်တော့ ဘုရင်ကြီးလည်း ကျေနပ်သွားပြီး၊လယ်သူမလေးကိုဆုလာဒ်တွေချဖို့မော်ဖူးခွင့်ပြုလိုက်တဲ့အခါ၊သမီးတော်မှန်းသိသွားပြီး၊နန်းတော်ကိုပြန်ခေါ်ပြီးတစ်သက်လုံးပျော်ရွှင်စွာနေထိုင်သွားကြပါသတဲ့။

<<<မေတ္တာထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး၊ ပီဒီ ဆီကကြားရတဲ့ပုံလေးပါ။ ငယ်ငယ်တုန်းက ကြားဖူးခဲ့ပေမယ့်၊မေ့နေခဲ့ပါတယ်။ ကြိုက်လွန်းလို့ အာလုံးကို ပြန်မျှဝေလိုက်ပါတယ်။>>>

No comments: