Saturday, March 29, 2008

Chidorigafuchi(千鳥ヶ淵)

မေလကုန်ခါနီး ရာသီဥတုကပူနွေးလာသလို၊ ချယ်ရီပန်းတွေကလည်း တိုကျိုမှာပွင့်လာကြပြီ။ အမတစ်ယောက်လို ခင်ရတဲ့ ဖုကုအိုကာက သူငယ်ချင်းတစ်ယောက်ရောက်လာလို့ ချယ်ရီပန်းတွေလျှောက်လည်ကြည်ဖို့ (ဟနမိ) ဆုံးဖြတ်ခဲ့ကြတယ်။

အဲဒီလိုနဲ့ ကျွန်မတို့တစ်တွေ ဘုရင့်နန်းတော်ကကျုံးရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ချီဒိုရီဂဖုချီဆိုတဲ့ ချယ်ရီပန်းကြည့်ဖို့ နံမည်ကြီးလှတဲ့ နေရာတစ်ခုကိုသွားခဲ့ကြတယ်။
တိုကျိုမှာ ချီဒိုရီဂဖုချီရဲ့ ချယ်ရီပန်းတွေဟာ ဘာကြောင့်ဒီလောက် လူကြိုက်များပြီး နာမည်ကြီးရတာလဲ...။

ဘာကြောင့်လဲဆိုတော့ ကျုံးရေစိမ်းစိမ်းနဲ့ ကျောက်တုံးတွေနဲ့လုပ်ထားတဲ့ကျုံးနံရံ၊ နောက် အမြဲတမ်း စိမ်းလန်းနေတဲ့ သစ်ပင်ကြီးတွေ။
အဲဒီထဲမှာမှ အပင်ပေါင်း၂၆၀လောက်ရှိတဲ့ ဆိုမဲအိ ယိုရှိနိုယမဇကုရ နဲ့ အိုအိုကန်ဇကုရ အမျိုး ချယ်ရီပွင့်တွေဟာ ပန်းရောင်ချယ်ထားတဲ့ ပန်းကောဇောကြီးကိုမြင်ရသလို၊ကျွန်မတို့တစ်တွေရဲ့ အာရုံတွေကို ဖမ်းစားညှို့ယူထားလိုက်ပါတော့တယ်။

နောက်ကျုံးထဲမှာလှေငယ်လေးတွေငှားစီးနိုင်ပြီး၊ကျုံးထဲကနေမြင်ရတဲ့ ကမ်းနှစ်ဖက်က ချယ်ရီပွင့်တွေဟာ မြင်ဖူးသူတိုင်း တစ်သက်တာ မေ့လို့၇ပါ့မလားနော်...။။

လှေကလေးကိုလှော်မည်၊
ဘေးမသန်းပဲအေးချမ်းတော့သည်၊
မြစ်ကမ်းခြေရေနဒီ စိမ်းလဲ့လဲ့ကြည်။။

(ဂျပန်မှာ ချယ်ရီအမျိုးစားပေါင်းက မျိုးဟောင်းကော၊မျိုးစပ်သစ်ကောပါ ပေါင်းရင် ၆၀၀ကျော်လောက်ရှိပြီး၊ ဂျပန်ချယ်ရီဖောင်ဒေးရှင်းအဖွဲ့က ၁၉၉၂ခုနှစ်ကစပြီး မတ်လ ၂၇ရက်နေ့ကို ချယ်ရီနေ့ လို့သတ်မှတ်ထားပါတယ်။)

Friday, March 21, 2008

Our priority is not to live, but to work ပုရွက်ဆိတ်လေးတွေလား



ဘဏ္ဍာရေးနှစ်က ကုန်ခါနီးတော့ ရုံးမှာအလုပ်တွေကတအားရှုတ်လာသလို၊ အချိန်ပိုဆင်းရတာတွေလည်းများလာပြီ။ ကျွန်မ ပြန်တဲ့အထိ ရုံးထဲမှာ အလုပ်လုပ်ယင်း ကျန်ခဲ့တဲ့သူတွေကလည်း မနည်းဘူး။ သူတို့တွေ တအား အလုပ်လုပ်နိုင်ကြပါလားနော်။ အရင်က ဂျပန်လူမျိုးတွေဟာ အလုပ်တအားလုပ်နိုင်တယ်လို့ကြားဖူးတာ၊ အခုရုံးကလူတွေကိုကြည့်ပြီးဟုတ်တယ်လို့ထောက်ခံမိတယ်။ တခြားရုံးဌာနတွေကသူတွေကော ဘယ်လိုများပါလိမ့်။ တခြားနိုင်ငံက လူတွေနဲ့နှိုင်းယှဉ်ကြည့်ရင်ကော ဘယ်လိုပါလိမ့်။


အယ်လ်၂၅ဆိုတဲ့အပတ်စဉ်ထုတ်စာစောင်တစ်ခုမှာ ဂျပန်ပြည်တွင်းကော ပြည်ပအလုပ်သမားရေးရာမှာ နှံစပ်ကျွမ်းကျင်တဲ့ The Japan Institute for Labour Policy and Training က အုပ်ချုပ်ရေးမှုးတစ်ဦးပြောသွားတာလေးကို ဖတ်လိုက်ရပါတယ်။

-ဂျပန်လူမျိုးတွေဟာ လက်ရှိအခုအချိန်ထိ ကမ္ဘာပေါ်မှာ အလုပ်တအား လုပ် နေကြပါတယ်။ အလုပ်လုပ်တယ်ဆိုတာကို ထင်ရှားစေတာကတော့ အချိန်ပို အလုပ်လုပ်တာပါ။ဆားဗစ်(အချိန်ပိုကြေးမရတဲ့)အချိန်ပိုတွေပါထည့် တွက်ပြီးပြောရရင်
ဂျပန်လူမျိုးတစ်ယောက် အချိန်ပိုလုပ်တဲ့နာရီပေါင်းဟာ တစ်နှစ် နာရီ၃၀၀။
အဲဒီနောက်မှာ အမေရိကန်နဲ့အင်္ဂလန်ဖြစ်ပြီး တစ်နှစ်ကို နာရီပေါင်း၂၀၀။ ဂျာမဏီနဲ့ပြင်သစ်မှာက နာရီပေါင်း၆ဝကနေရဝအထိပါ။ တဆက်တည်း ပြောရမယ်ဆိုရင် အချိန်ပိုကြေးမရပဲနဲ့ အချိန်ပိုဆင်းပေးတယ်ဆိုတာ ဂျပန်က လွဲလို့ တခြားဘယ်မှာမှမရှိဘူး။

ကိန်းဂဏာန်းနဲ့ ချပြတော့လည်း အားပါးပါးΣ(゚ロ゚ノ)ノနောက် တခြားဘာတွေများ မတူတာတွေကောရှိပါသေးလားဆိုတော့...

အဲဒီအုပ်ချုပ်ရေးမှုးကပဲ အစကတည်းက အချိန်ပိုနဲ့ပတ်သတ်ပြီး သတ်မှတ်ထားတဲ့ အချိန်တွေ၊ လုပ်အားခ စနစ်တွေ ကလည်း မတူပါဘူးတဲ့။
ဥပမာ ဂျပန်မှာ ကုမဏီဝန်ထမ်းတစ်ဦး အတွက် သတ်မှတ်ထားတဲ့ တရားဝင် အချိန်ပိုလုပ်ခွင့် တစ်နှစ် အများဆုံး နာရီ ၃၆ဝဖြစ်ပေမယ့်၊ ဂျာမဏီမှာက တစ်နှစ်ကို နာရီ ၁၂၀။
နောက် အချိန်ပိုအတွက်ပေးတဲ့ လုပ်အားခ။ ဂျပန်မှာ ည၁ဝနာရီအထိဆိုရင် ပုံမှန်လုပ်အားခရဲ့ ၁ .၂၅ ဆ၊ အဲဒီထက်ညဉ့်နက်ရင် ၁.၅ဆနဲ့ ရုံးပိတ်ရက်ဆင်းရင် ၁.၃၅ ဆပါ။
ဒါပေမယ့် ဂျာမဏီမှာ ညဉ့်နက်အထိဆိုရင် ပုံမှန်ထက် ၂ဆ နဲ့ ရုံးပိတ်ရက်ဆင်းရင် ၂ဆ ကနေ ၂.၅ဆ ပါတဲ့။

ဒီလိုကွာခြားမှုတွေ၊ကိန်းဂဏာန်းတွေကိုသိနေပေမယ့်လည်း၊ သူတို့တွေ (ဂျပန်လူမျိုးတွေ)ဟာ ပါးစပ်ကတော့ အီးယား၊အီးယား(မကြိုက်ဘူး)ဆိုပြီး ပြောချင်ပြောမယ်၊ ဒါပေမယ့် သူ့တို့ရဲ့ခေါင်းတွေ၊လက်တွေကတော့ လှုပ်မြဲလှုပ်လျှက်၊ လုပ်မြဲလုပ်လျှက်ပါပဲ။(*^ー゜)v

အယ်လ်စာစောင်မှာ အသက် ၂၀-၃၄အကြားရှိတဲ့ကျားမ၃၈၉ဝယောက်ကို

မေး၁-တစ်လအချိန်ပိုဘယ်လောက်လုပ်သလဲလို့မေးထားတော့

မေး၂- အချိန်ပိုဆင်းရတဲ့ အကြောင်းရင်းက

၁။ အလုပ်တွေများလို့

၂။ အလုပ်မှာကျွမ်းကျင်မှု အားနည်းလို့

၃။ ကိုယ့်ဘေးကလူတွေက အချိန်ပိုဆင်းပြီးလုပ်နေကြတော့ ပြန်ဖို့ခက်လို့စတဲ့ အကြောင်းရင်းတွေအများဆုံးဖြစ်ပြီး၊

လူအင်အားမလုံလောက်လို့၊ စက်ပိုင်းဆိုင်ရာမလုံလောက်လို့ စတာတွေကိုလည်း တွေ့ရပါတယ်။


မေး၃-အချိန်ပိုဆင်းတဲ့အခါ ကိုယ်အသိစိတ်နဲ့ကိုယ်ဆင်းတာလား။ အထက်က တောင်းဆိုလို့ဆင်းတာလားဆိုတော့..

ကိုယ့်အသိစိတ်နဲ့ ကိုယ်က ၈၄.၈ %နဲ့

အထက်က တောင်းဆိုလို့ဆိုတာ ၁၅.၂ % ရှိတာတွေ့ရတယ်လို့ အဲဒီစာစောင်မှာ ဖော်ပြထားပါတယ်။

Our priority is not to live, but to workတဲ့။ဒါကြောင့်လည်း ဂျပန်နိုင်ငံဟာ ဒီကနေ့မြင်နေရတဲ့အခြေအနေအထိ တဟုန်ထိုးတိုးတက်ခဲ့တာပေါ့နော်q(*^O^*)p

ပုရွက်ဆိတ်လေးတွေဟာ အမြင်မှာသေးသေးပေါက်စလေးတွေဖြစ်ပေမယ့် သူတို့ ခန္ဓာကိုယ်ထက် အဆပေါင်းအများကြီး ကြီးပါတယ်ဆိုတဲ့ အစာတွေကို တဖြည်းဖြည်း၊တရွေရွေနဲ့သယ်လာလိုက်တာ၊နောက်ဆုံးသူ့တို့အသိုက်အိမ်ကိုရောက်တဲ့အထိပေါ့။

ကျွန်မလည်းပုရွက်ဆိတ်တစ်ကောင်ရဲ့ကြိုးစားမှု၊ဝီရိယ၊ လုံလနဲ့ စုပေါင်းဆောင်ရွက်တတ်တာတွေကို အတုယူပြီး အများကြီး ကြိုးစားရဦးမယ်●^∀^●♪

Thursday, March 20, 2008

Lu Htu Daw A Mar, " About Lu Htu U Hla"

လူထုဒေါ်အမာ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့
အမေဒေါ်အမာက သူ့ခင်ပွန်းဦးလှမဆုံးခင်တစ်ရက်မှာ လူ့ဘ၀ကလည်း ဘာမှလွမ်းလောက်စရာ မရှိတဲ့အကြောင်း၊ လူချင်းတူပေမယ့်လည်း ဒုက္ခတွေကများလိုက်တာလို့ညည်းမိတော့
ဦးလှက –တို့နိုင်ငံက စပ်ကူးမတ်ကူးကာလကို ဖြတ်သန်းရတုန်း တို့ကလူလာဖြစ်ကြတာကိုး။တဲ့
အဲဒီတော့ဒေါ်အမာက-စပ်ကူးမတ်ကူးကာလကြီးကလည်း ရှင်ရယ် ကြာလှပြီး လွန်ပဲလွန်လွန်းတယ်တယ်လို့ပြန်ပြောတယ်။
ဦးလှက –တို့ချည်းထဲလည်းမဟုတ်ပါဘူးကွာ အဖော်တွေရှိပါသေးတယ်။ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊လော၊ဗီယက်နမ် စတာတွေလည်း တို့နဲ့ ပိန်မသာ လိန်မသာချည်းပါပဲတဲ့။

(‘၁၉၈၂ ခုနှစ်တုန်းကပြောခဲ့တဲ့စကားပါ။ အမေဒေါ်အမာရဲ့ ခင်ပွန်းလူထုဦးလှသာ ကနေ့အထိအသက်ရှင်ပြီး အခု၂၀၀၈ခုနှစ်ရဲ့ လက်ရှိကျွန်မတို့နိုင်ငံကြီးကို အဲဒီနိုင်ငံတွေနဲ့ပဲ ထပ်ပြီးနှိုင်းယှဥ့်ကြည့်ဖြစ်ရင် ဘာတွေပြောမလဲ၊)

☆ミ(/ ̄^ ̄)/☆ミ(/ ̄^ ̄)/☆ミ

ငှက်ပျောသီးလောက်နဲ့ အချိုကုန်နေရှာတာပါ။

အမေဒေါ်အမာတို့ အသိတစ်ယောက် စီးပွားရှာလို့ အဆင်ပြေပြီး၊လူတိုင်းက မြင်ပြင်းကပ်စရာ ပုံစံတွေပြောင်းသွားတော့ လူတွေက ဟိုနှယ်ဒီနှယ်နဲ့ မမြင်ဘူးမူးမြစ်ထင် စသည်ဖြင့် ပုံးခိုင်းပြောကြတယ်တဲ့။ ဒေါ်အမာ့ အမေကတော့ သူ့ခမျာ ငှက်ပျောသီးလောက်နဲ့ အချိုကုန်နေရှာတာပါ-တဲ့။ သူစားဖူးသမျှထဲ ငှက်ပျောသီးဟာ သူ့အတွက် အချိုဆုံးမို့ သူ့ခမျာ သနားစရာတဲ့လေ။

( မာနလေးတက်ချင်လာတိုင်း ဒီစကားလေးသွားသတိရမိပြီး ပြုံးဖြစ်မိတယ်။)
(● ̄▽ ̄●)(● ̄▽ ̄●)

♪♪♪အမေဒေါ်အမာပြောပြတဲ့ လူထုဦးလှ♪♪♪
 ဦးလှ အသက်၁၉ နှစ်အရွယ် ၁၀တန်းအောင်တော့ ရန်ကုန်မှာ မိတ်ဆွေတစ်ယောက်နဲ့ အခန်းကလေးငှားပြီး စာရေးဖို့စတင်ကြိုးစားခဲ့ကြတယ်။
အသက်၂၃နှစ်အရွယ် ရောက်တော့ လူငယ်များကြီးပွားရေးအသင်းကထုတ်ဝေတဲ့ ကြီးပွားရေးစာစောင်ဟာ ငွေကြေးအခက်ခဲ ကြောင့် ရပ်တော့မယ်ဆိုတော့၊ သူကို့ပေးပါ၊ သူဆက်ထုတ်ဝေပါမယ်ဆိုပြီး ၁၉၃၃ မှာ ကြီးပွားရေးမ၈္ဂဇင်းကို စထုတ်ခဲ့ပါတယ်။
၁၉၄၁ခုနှစ်အထိ ၈နှစ်ကြာ ကြီးပွားရေးမ၈္ဂဇင်းကို ထုတ်ဝေခဲ့ပြီး၊
၁၉၄၅ကနေ ၁၉၅၆အထိ ၁၁နှစ်ကြာ လူထုဂျာနယ်၊
၁၉၄၆ကနေ၁၉၆၇အထိ ၂၁နှစ်ကြာ လူထုသတင်းစာ၊နဲ့ ကြီးပွားရေးနဲ့ လူထုစာအုပ်တိုက်က စာအုပ်ထုတ်ဝေရေးကို ၁၉၃၈ကနေ သူသေဆုံးချိန် ၁၉၈၂ အထိ ၄၄နှစ်တာ ထုတ်ဝေခဲ့ပါတယ်တဲ့။
  ၁၉၅၃ခုနှစ်မှာ လူထုသတင်းစာက မန္တလေးမင်းမနိုင်ရပ်ကွက်က တဲအိမ်တွေဖျက်တဲ့ကိစမှာ သတင်းမှားရေးတယ်ဆိုပြီး ဦးလှဟာ ရန်ကုန်ထောင်ကြီးမှာ ၁၉၅၃ကနေ၁၉၅၆ အထိ ထောင်ကျခဲ့ရတယ်။ ၃နှစ်ကျော် အချုပ်နှောင်ခံရပြီး၊ ထောင်ကလွတ်လာတော့ ထောင်စာအုပ် ၉အုပ်ရေးခဲ့ပါတယ်။ ၉အုပ်ထဲက ထောင်ထဲကိုအကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ လူငယ်တွေအကြောင်းရေးထားတဲ့ {လှောင်ချိုင့်တွင်းက ငှက်ငယ်များ} စာအုပ်ဟာ ယူနက်စကိုက စာပေဆုချီးမြှင့်တာခံရပါတယ်။
  ဦးလှက -အကျဉ်းကျခံနေရသူ တွေဟာ ကြီးလေးတဲ့ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြသူများဖြစ်လင့်ကစား သူတို့တွေဟာ တိရစ္ဆာန်တွေမဟုတ်ပါ။လူသားတွေပါ။ သူတို့သာ နောင်တ တရားရကြမယ်ဆိုရင် သူ့တို့ကိုလည်း လူ့အဖွဲ့အစည်းထဲမှာ ကောင်းကောင်းမွန်မွန် ပြန်လည်လက်ခံသင့်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်လို့ အခုလို ထောင်စာအုပ်တွေကိုေ၇းတာပါ-တဲ့။
ဦးလှရေးခဲ့တဲ့ စာအုပ်တွေနဲ့ ထုတ်ဝေခဲ့တဲ့ စာနယ်ဇင်းတွေကို အင်္ဂလိပ်၊ဂျပန်၊ ၈ျာမန်နဲ့ ရုရှားဘာသာကို ပြန်ဆိုထားတာ ၁၀အုပ်ရှိပါတယ်။


 ဦးလှဟာအသင်းအဖွဲ့တွေက သူ့ကိုတိုင်ပင်တာ၊တာဝန်ပေးတာတို့ဆိုရင် ဦးလှက ကိုယ်ဖိရင်ဖိ ပေးတဲ့တာဝန်ကို ယူပါတယ်။ ယူထားသမျှတာဝန်ကိုလည်း ၀တ်ကျေတန်းကျေမဟုတ်ဘဲ၊ ကျေကျေပွန်ပွန်ဆောင်ရွက်တယ်။ သူတာဝန်ယူခဲ့တဲ့ အနုပညာဆိုင်ရာ ပန်းချီပန်းပု အသင်းတွေ၊ စာပေနဲ့ပတ်သက်တဲ့ သတင်းစာဆရာ၊စာရေးဆရာအသင်းတွေ၊ အားကစားအသင်းတွေ၊ ပရဟိတနဲ့ လူမှုရေးအသင်းတွေ စတဲ့ အသင်းအဖွဲ့ပေါင်း ၂၉ ဖွဲ့တောင်ရှိပြီး၊အဲဒီအဖွဲတွေမှာမှာ ရိုးရိုးအဖွဲ့ဝင်အဖြစ်နဲ့တောင် မဟုတ်ဘဲ ဥကဌ၊ အတွင်းရေးမှုး၊ အမှုဆောင် စသဖြင့် ပေးရာတာဝန်ကို အားတက်သရောပါဝင်ခဲ့ပါတယ်။

အစည်းဝေးတွေအတွက် ပြင်ဆင်စရာရှိရင် ညကတည်းကသေသေချာချာကြိုတင်ပြင်ဆင်ထား တယ်။ အရေးကြီးတဲ့စကားတွေအတွက်ဆိုရင် ပြောမယ့်စကားကို စာရွက်ပေါ် ရေးချထားပြင်ဆင် ထားသူပါ။

အစည်းဝေးအခမ်းနားတွေ၊အချိန်းပြုတဲ့အချိန်တွေမှာ သူ့ကိုစောင့်ရတာမျိုး မဖြစ်ရအောင် အနည်းဆုံးသူက (၁၀)မိနစ်လောက် စောပြီးရောက်အောင် လုပ်ပါတယ်။

ဦးလှမှာ သေလို့သာသွားရော လုပ်စရာတွေ တန်းစီလို့၊ သူခေါင်းထဲမှာ အပြည့်၊ သူသေတော့ ထားရစ်ခဲ့တဲ့ တိုးလိုးတန်းလန်းအလုပ်တွေအများကြီးတဲ့။ သူကိုတိုင်လည်း အလုပ်လုပ်သလို၊ သူများ အလုပ်လုပ်ရင်လည်း ချစ်တယ်၊ကျေနပ်တယ်၊ကြည်ညိုတယ်။

**လူထု ဦးလှအကြောင်းကို ဒီနေရာ မှာလည်း ကြည့်နိုင်ပါတယ်။**

(တာဝန်သိတယ်၊အချိန်လေးစားတယ်၊ကြိုတင်ပြင်ဆင်မှုရှိတယ်ဆိုတာ ကောင်းတာမှန်းပြောစရာမလိုအောင် လူတိုင်းသိကြပေမယ့်၊ အသက်ရှင်နေတဲ့ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးထဲမှာ ဘာအကြောင်းနဲ့မှ မပျက်ကွက်အောင် လုပ်ခဲ့မိပါရဲ့လား။)

(*^v^*)v(^o^)v(*^v^*)v(^o^)v

အမေဒေါ်အမာ နဲ့ လူထုဦးလှ တို့ရဲ့ အိမ်ထောင်ရေး

ကျွန်မတို့နှစ်ယောက် လူ့ဘ၀ကိုတကယ် တည်ဆောက်ကြတဲ့အခါမှာတော့ အိပ်မက်ထဲက ပန်းမွေရာတို့ ရွှေကောဇောတို့လိုဟာမျိုးတွေကို တွေရဖို့နေနေသာသာဆူးတွေ၊ငြောင့်တွေ၊ခလုတ်တွေ၊ ကန်သင်းတွေ၊ချောင်းတွေ၊ မြောင်းတွေနဲ့သာ တစ်တွေ့တည်း တွေ့လာခဲ့ရတယ်။
ကျော်လိုက်ရတာ လွှားလိုက်ရတာ နားရတယ်လို့မရှိ တစ်သက်လုံးပါ။

ဒါပေမယ့်လို့ အိမ်ထောင်တစ်ခုတည်ဆောက်လိုက်တယ်ဆိုတာက တစ်မိသားနဲ့တစ်မိသား မတူညီကြတာကို တူညီနိုင်သလောက်တူညီအောင် ကြိုးစားပြီး နှစ်ကိုယ့်တစ်စိတ် လုပ်ထားရတာ။

အိမ်ထောင်သက် ၄၃နှစ်မှာ တစ်ကြိမ်ပဲ ရန်ဖြစ်ဖူးတယ်။ အဲဒီနောက်တစ်ခါမှာရန်ဖြစ် တယ်ရယ်လို့ မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူကလည်း ကျွန်မအပေါ် မတရားသဖြင့် လုပ်ဆောင်တာ၊ပြောဆိုတာ ကြံစည်တာ မရှိဘူး၊ ကျွန်မကလည်း သူ့အပေါ် အလားတူပဲ မတရားသဖြင့် ပြောဆိုပြုမှု လုပ်ကိုင်ကြံစည်တာမရှိခဲ့ဘူး။ သတိထားပြီး မမှားအောင် နေကြတယ်။ ရန်မဖြစ်ချင်ပဲကိုး။

လင်နဲ့မယားဆိုတော့ အတွေးအခေါ်မတူတာ၊ အမြင်ချင်းမတူကြတာ၊ သဘောကွဲနေတာမျိုးတွေရှိခဲ့ပါတယ်။ ဒါကတော့ အကြိမ်ကြိမ်ပါ။ နို့ပေမယ့် အကျိုးသင့်အကြောင်းသင့် သူကမှန်နေရင် ကိုယ်ကအလျော့ပေး၊ သူ့အလိုလိုက်၊ ကိုယ်ကမှန်နေရင် သူကလျှော့ပေး၊ ကိုယ့်အလိုလိုက်နဲ့ နေကြတော့ ကြီးကြီးကျယ်ကျယ် ရန်မဖြစ်တော့ပါဘူး။

နောက်လင်မယားကြားထဲ ဆွေမျိုးပြသနာဆိုတာမျိုးတွေမရှိခဲ့ဘူး။ သူ့အမျိုးကလည်း ဘာမှမစွက်ဖက်ဘူး။ ကျွန်မအမျိုးကလည်း ဘာမှမစွက်ဖက်ဘူး။ သူ့တို့ ကူညီနိုင်တာ ရှိရင်ဝိုင်းကူညီကြတာပဲ ရှိတယ်။

စီးပွားအတူတူရှာကြတာ ဖြစ်ပေမယ့် သူလှုချင်တဲ့ အလှုကို ဘယ်တော့မှ သူ့သဘောနဲ့ သူ ကောက်ကာငင်ကာ မလှုရှာဘူး၊ ကျွန်မနဲ့တိုင်ပင်တယ်။ကျွန်မကကျေနပ်မှ သူကလှုတယ်။

ဦးလှဟာ လင်မယားဖြစ်ပေမယ့် ကြမ်းတဲ့စကား တစ်ဖက်သားနစ်နာသွားမယ့် စကားမျိုး မပြောလေ့ဘူး

☆(″ω″♪) ☆(″ω″♪) ☆

လက်ထပ်မင်္ဂလာပွဲ

 လက်ထပ်မင်္ဂလာပွဲဆိုတာ ဆွေမျိုးတော်စပ်ကြပြီလို့ ကြေညာတဲ့ပွဲ။ နှစ်ဖက်ဆွေမျိုးတွေ ဟာ ဆွေမျိုးတော်ကြပြီ။ သူတို့၂ယောက်ကတော့ လောကကြီးမှာ အရင်နှီးဆုံး ဆွေမျိုးတွေ ဖြစ်ကြပြီ။ ဒီထက်ရင်းနှီးတဲ့ ဆွေမျိုးမရှိတော့ဘူးဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုသိလာကြလိမ့်မယ်။

 ဒါကြောင့် တစ်ယောက်ကိုတစ်ယောက်ချစ်ရမယ်။ ရာသက်ပန် ရိုးမြေကြ နှစ်နှစ်ကာကာ ချစ်ရမယ်။ သစာရှိရမယ်။ ကြင်နာယုယရမယ်။ တစ်ဦးကိုတစ်ဦး အားပေးရမယ်။ နှစ်ဦးဟာ တစ်ဦးလို့ပဲ သဘောထားရမယ်။ ဘယ်လို အကြောင်းကြောင့်မှ တစ်ဦးကိုတစ်ဦးကို ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု မဖြစ်စေရဘူး။ ဘယ်သူကြားဝင် ကြားဝင် ချစ်ခင်ကြင်နာမှုကို မထိခိုက်စေရဘူး။


ဆိုကရေးတီးဇ်က ရှေးတုန်းကလူတွေဟာ ခေါင်း၂လုံး၊လက်၎ဖက်၊ခြေ၄ဖက်ရှိတယ်။
Two heads are better than one ဆိုပြီး နတ်တွေကို ပြိုင်တာကြောင့် နတ်တွေက အလယ်တည့်တည့်က ဓားနဲ့ခွဲလိုက်တာတဲ့။

(ကျန်နေတဲ့ ခေါင်းတစ်လုံး၊လက်၂ဖက်နဲ့ ခြေ၂ဖက်ရေ ...)


(*^∇゚) (゚∇^*)

Sunday, March 16, 2008

ကျောက်တောင်ပမာ ဖမေတ္တာ၊ စမ်းရေပမာ မိမေတ္တာ

သြော်. . လူ့ဘဝ၊ ရခဲ့ကြသည်
မာတာပိတ၊အန န္တတို့ရှိကြကိုယ်စီ၊ ခပ်သိမ်းတည်ရာ
မွေးသည့်ကျေးဇူး
ကျွေးသည့်ကျေးဇူး
ဂုဏ်တော်ထူးကို
တည်ဦးအမှတ်
မြတ်ထက်မြတ်မို့
မောင်တို့ ဆပ်ကြပြီးပြီးလား။
မယ်တို့ ဆပ်ကြပြီးပြီးလား။

အသက်ရှင်ပျို၊မအိုခင်က
အသက်ရှင်စဉ်၊မနာခင်က
အသက်တည်နေ၊မသေခင်က
ပညာအသိ၊ဉာဏ်သတိနှင့်
ရှိသည့်ဖခင်၊ရှိသည့်မိခင်
မြတ်နိုးကြင်၍၊ လိုအင်ဆန္ဒ
ဟူသမျှကို၊ နေ့ညမဟူ
မငြူဆူပဲ၊ သူသူငါငါစေတနာပြည့်၊
မေတ္တာပွေ့ရျ်မမေ့အပ်ရာ၊လုပ်ကျွေးပါဟု
ဂါရဝထား၊မေတ္တာပွား၍
ရေးသားညွှန်တမ်း၊လက်ဆင့်ကမ်းသည်
ပန်းများပွင့်၍ မွှေးစေသောင်…။
ဗြဲတရော် ဆရာတော်

Saturday, March 8, 2008

မေတ္တာခြုံသော် ...

လောကကြီးရေ...
တစ်နေ့သောအခါမှာ ပြသနာတစ်ရပ်ဟာ
မခေါ်ပါဘဲနဲ့ ရောက်လာတယ်။

မိတ်ဆွေ သူငယ်ချင်းတွေရဲ့
အားပေးမှုတွေနဲ့
ခွန်အားတွေတိုးပွားခဲ့ရတယ်။

မိဘဆွေမျိုးတွေရဲ့
ကူညီမှုတွေနဲ့
ပြသနာဟာ အလံဖြုပြလို့ပြန်ထွက်သွားခဲ့တယ်။

မခေါ်ဘဲရောက်လာတဲ့ ပြသနာကြောင့်
သူတို့ရဲ့ မေတ္တာကို၊ သိခွင့်ရခဲ့သလို၊
နွေးထွေးတဲ့ ကူညီစောင့်ရှောက်မှုတွေအတွက်
ငါရဲ့ရင်မှာ အမြဲကျေးဇူးတင်နေမှာပါ။

မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသက
အပေါင်းအသင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ရရင်၊ အဲဒီ အပေါင်းအသင်းကို ဗာလလို့မှတ်ပါ။ မပေါင်းဘဲနေလို့ရရင် နေပါ။ မပေါင်းဘဲနေလို့မဖြစ်လို့ ပေါင်းသင်းဆက်ဆံရရင် သတိကြီးစွာထား ပေါင်းပါ။ အပေါင်းအသင်းကြောင့် ချမ်းသာသုခရရင် သူ့ကို မခွဲတမ်း ပေါင်းသင်းကာ ချစ်ခင်မြတ်နိုး အားကိုးကြပါ” တဲ့။

Sunday, March 2, 2008

The Spanish Gardener

CRONIN, A.J., The Spanish Gardener.
ဘရန်ဒီး ခင်ဗျားဟာ လူထူးလူဆန်းတစ်ယောက်ပဲ။ခင်ဗျား အကြောင်းကို ကျွန်တော် မကြာမကြာကြားဖူးခဲ့တယ်။ ဌာနတွင်းမှာတော့ ခင်ဗျားဟာ လူတကာက စိတ်ဝင်တစားနဲ့ အတင်းအဖျင်းချခံနေရတဲ့ လူတစ်ယောက်ပဲ။ ဒါတွေကို ခင်ဗျားကိုယ်တိုင် သိဖို့ နားလည်ဖို့ ကောင်းပေမယ့် မသိဘူး။
ခင်ဗျား ကိုယ့်ကိုယ်ကို လူဆန်ဆန်နေသွားဖို့ ကြိုးစားစေချင်တယ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်နေတဲ့စိတ်နဲ့ အဆမတန် ကြီးမားနေတဲ့ ခင်ဗျားရဲ့ အတ္တစိတ်လွန်ကဲမှုကို ပျောက်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ခေတ်မီလာအောင်၊အများနဲ့ ၀င်ဆံ့လာအောင် လုပ်ပါ။
ဒါတွေလုပ်လို့ ရာထူးတော့ တိုးချင်မှတိုးမယ်။ ဒါပေမယ့် အနည်းဆုံး ခင်ဗျား ဘ၀တော့ အဆင်ပြေလာလိမ့်မယ်။

တယူသန် တစ်ဇွတ်ထိုးသမား၊ ဒေါသ၊အာဃာတကို အခြေခံထားသော သူဟာ အကျိုးအကြောင်းနဲ့ ဆက်စပ်တွေးတောဖို့ လုံးဝသတိမရနိုင်တော့ပေ။
[မြန်မာပြန်ပြီး-မောင်ထွန်းသူ-အကျဉ်းစံ]

ဂျွမ်းထိုးကောင် အိုင်းချင်း

အမိကိုလွမ်းလည်း သောက်တော်ရေချမ်း စားတော်ကွမ်းနှင့်
သွန်းတဲ့ညောင်ရေ ပန်းသပြေနှင့် ပြေဖူးငဲ့ရှင်။

အဖ ကိုလွမ်းလည်း သောက်တော်ရေချမ်း စားတော်ကွမ်းနှင့်
သွန်းတဲ့ညောင်ရေ ပန်းသပြေနှင့် ပြေဖူးငဲ့ရှင်။

မောင်ကလေး မောင့်ကိုလွမ်းတော့
သွန်းတဲ့ညောင်ရေ ပန်းသပြေနှင့် မပြေပါလို
သောက်တော်ရေအိုး ဂျွမ်းထိုးကောင်နှယ်
အပျိုဖြူငယ် မယ်နှမ မှာလ
ကြုံရတယ်ရှင်…
♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪♪

ဂျူး  “ချစ်သူလား စကားပွင့် တစ်ပွင့် ပွင့်ခဲ့တယ်”

သင်ခန်းစာ
လူတစ်ယောက် လုပ်ခဲ့တဲ့အလုပ်ဟာ နောက်လူတစ်ယောက်အတွက် သင်ခန်းစာတွေချည်းပဲ။

စစ်ပွဲ
စစ်မြေပြင်မှာဖြစ်တဲ့ စစ်ပွဲတွေအကြောင်း ယောကျင်္ားတွေက ပိုသိတယ်ဆိုရင်၊ လူအချင်းချင်း
လူမှုပတ်ဝန်းကျင်မှာ တိုက်ခိုက်ခံရတဲ့ စစ်ပွဲတွေအကြောင်းကိုတော့ မိန်းမတွေက ပိုသိပါတယ်။
အဲဒီ လူမှုစစ်ပွဲတွေကို ကျွန်မလည်း တိုက်ရမယ်။ မြဦးမေလည်း တိုက်ခဲ့ရတာပဲ။ ကျွန်မရဲ့ နောက်မျိုးဆက်တွေလည်းတိုက်ရဦးမှာ၊ အတိုက်ခံနေရဦးမှာပါ။ ဒီတော့ ကျွန်မတို့အနေနဲ့ ရှုံးနိမ့်သွားတဲ့ စစ်ပွဲတွေအကြောင်းလည်း သိထားရမယ်။ နိုင်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းလည်း သိထားရမယ်။ လူတစ်ယောက်ရဲ့ ဘဝမှာအနိုင်နဲ့ အရှုံးက တွဲနေတာချည်းပါပဲ။ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အရှုံးလို့ ဘာနဲ့သတ်မှတ်မလဲ။ အနိုင်လို့ ဘာနဲ့သတ်မှတ်မလဲ။စစ်ပွဲရဲ့ အရှုံးအနိုင်က သိသာတယ်။ ဘဝရဲ့ အရှုံးအနိုင်က မသိသာပါဘူး။ အမျိုးမျိုးကွဲလွဲနေနိုင်တယ်။

ရွေးချယ်မှု
ကျွန်တော်တို့အားလုံးဟာ ဘဝမှာ ရွေးချယ်မှုတွေအများကြီး ရင်ဆိုင်ကြရတယ်။
အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်လိုတယ်။ဘယ်သူမှ မှားမသွား ချင်ကြဘူး။
ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘဝမှာ ဘာကိုတန်ဖိုးအထားဆုံးလဲ။ ဘာကို အဆုံးရှုံးမခံနိုင်ဆုံးလည်း သိဖို့လိုလာတယ်။ ကိုယ်အဆုံးရှုံးမခံနိုင်တဲ့ အခွင့်အရေးတစ်ခု ကို ကိုယ်ကာကွယ်ဖို့ ဆုတ်ကိုင်မိဖို့လိုတယ်။

-တစ်ခုကို ဆုပ်ကိုင်မိပြီဆိုရင်လည်း တခြားတစ်ခု အပေါ်စိတ်ညွှတ်မနေမိဖို့ အရေးကြီးပြန်ရော။အဲဒီလိုဖြစ်သွားရင် ဘဝက နေလို့ပျော်မှာ မဟုတ်တော့ဘူး။

လိုအပ်ချက်
လူတစ်ယောက်ဟာ ဘဝမှာ အသက်ရှင်ရပ်တည်ရေးမာန်အတွက် ကိုယ်ထူးချွန် ပြောင်မြောက်တဲ့အလုပ်နဲ့ ဝင်ငွေရနေဖို့လည်း လိုတယ်။
ဘဝရဲ့ အရသာအတွက် ကိုယ်စိုက်ထူနိုင်တဲ့ မှတ်တိုင်တစ်ခုလည်း လိုတယ်ဗျ။

လူသားကျင့်ဝတ်စံနှုန်း
ကျွန်တော်က ယောကျင်္ားတွေကိုရော မိန်းမတွေကိုပါ စံနှုန်းတစ်ခုတည်းနဲ့ တိုင်းတယ် မမေဇော်။ အဲဒါ လူသားကျင့်ဝတ်စံနှုန်းပဲပေါ့။
ဖြောင့်မတ်ရမယ်။ ထူးချွန်ရမယ်။ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရမယ်။ ကိုယ့်ရဲ့ဘော် ရဲဘက်ကို သစ္စာမဖောက်ရဘူး။ ကိုယ့်အလုပ်ကို သစ္စာမဖောက်ရဘူး။ လူတစ်ယောက်နောက်ကျောကို ဓားနဲ့ထိုးတဲ့ ကောက်ကျစ်တဲ့အနိုင်ယူမှုမျိုး ကင်းရမယ်။ အိမ်ထောင်ရေး သစ္စာမြဲရမယ်။

မြတ်နိုးမှု
မြတ်နိုးမှုတစ်ခုနဲ့ ဆက်နွယ်နေတဲ့အခါ စံကားပင်ဟာ စံကားပင်တစ်ပင်မျှသာ မဟုတ်တော့ဘူး။ ကိုယ်နဲ့ဘဝအကြားဆက်သွယ်ပေးထားတဲ့ ကြိုးတစ်ချောင်း ဖြစ်သွားတယ်။

လိုချင်မှု
ဥယျာဉ်မှုး။ ။ကျွန်တော် မိန်းမတွေဆီက လိုချင်တာ တစ်ခုတည်းပဲ။ အဲဒါက မိန်းမသားအဖြစ်ပဲ။ သူတို့ဆီက နူးညံ့ညွှတ်ပျောင်းမှု၊ အားနွဲ ့မှု ဒါတွေပဲ လိုချင်တယ်။ သူတို့ကို ကိုယ်က ပန်းကလေးတွေလိုပဲ သဘေားထားတယ်။အရိပ်တကြည့်ကြည့်နဲ့ ပြုစုယုယပေးနေရတာ အရသာပဲ။

ဘဝအတွက်လည်း သိပ်ကြီးကြီမားမား မမျှော်လင့်ပါဘူး။ ကိုယ်အသက်ရှင်နေတဲ့ ကမ္ဘာမြေကြီးအတွက် မသေခင်မှာ တစ်နည်းနည်းနဲ့ အသုံးတည့်တဲ့သူ၊ အသုံးဝင်တဲ့သူ ဖြစ်နေရင်တော်ပါပြီ။

ဆရာ။။ မိန်းမတွေဆီက လိုချင်တာ ၂ခုပဲဗျ။ တစ်ခုက မေတ္တာ။ တစ်ခုက ဦးနှောက် အရည်အချင်း။

ကျွန်တော်အထင် မိန်းမတွေက ယောကျင်္ားတွေဆီက ဘယ်တော့မှ မဆုံးနိုင်လောက်တဲ့ ကြင်နာယုယ အလိုလိုက်မှုတွေ။ ဘဝလုံခြုံမှု နဲ့ ဂုဏ်သိက္ခာ လိုကြမယ်။ ငွေကို လိုချင်ကောင်းလိုချင်မယ်။ဒါပေမယ့် ငွေတစ်ခုတည်းနဲ့ ထိန်းမထားနိုင်ဘူး။

နောင်တ
နောင်တ ဆိုသောအရာသည် လူတစ်ယောက်ဧ။်ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် မှောက်ပစ်လိုက်နိုင်သည်။

လစ်လျူရှုမှု
လောကမှာလေ တစ်ချို့ကိစတွေကို လစ်လျူရှုရတယ်။ ဗုဒ္ဓဘုရားတောင်မှ တချို့မေးခွန်းတွေကို မဖြေဘဲထားခဲ့တာ။ လူ့ဘဝက တိုတိုလေး၊ အဲဒီတိုတိုလေးမှာ ကိုယ့်ဘဝအတွက် ဘယ်ဟာက အရေးကြီးသလဲ၊ ဘယ်ဟာက လစ်လျူရှုထားလို့ရသလဲ ခွဲခြားပြီး သိရမယ်လေ နော်။



စကားဖြူပွင့်က
ငါ့အတွက် စိတ်ထိခိုက်စရာဖြစ်ပေမဲ့
နင့်အတွက် အိပ်မက်ဆန်တယ်ဆိုရင်
ငါဝမ်းသာပါတယ်။
တစ်ခုပဲရှိတယ်။
အိမ်မက်ကို နှစ်သက်တဲ့လူဟာ
လက်တွေ့ရဲ့ အမှန်တရားကို
တုန်လှုပ်ရတတ်တယ်။
{မင်းညိုစင်}

Saturday, March 1, 2008

သည်ဘဝမှာ တစ်ကြိမ်သာ

"I shall pass through this world but once.
If therefore, there be any kindness I can show,
or any good thing I can do, let me do it now.....
For I shall not pass this way again."

သည်ဘဝကို တစ်ကြိမ်သာ ငါ ဖြတ်သန်းရပေမည်။

ဒါကြောင့် ငါနဲ့ ဘဝတူ လူသတ္တဝါတွေအတွက်

ငါလုပ်နိုင်တဲ့ ကောင်းမှုမှန်သမျှ

ငါပေးနိုင်တဲ့ ကြည်နာယုယမှုမှန်သမျှ အခု ငါလုပ်ပါရစေ။

အချိန်မရွေ့မိပါစေနဲ့၊ မျက်ကွယ်မပြုမိပါစေနဲ့။

သည်လမ်းကို နောက်တစ်ဖန်

ငါမလျှောက်လှမ်းတော့ပြီ ဖြစ်သောကြောင့်ပင်…။
(အေးတီးယန်း ဒီ ဂရဲလေး)