Friday, June 22, 2007

မေတ္တာ

ဘဝမှာကျွန်မတို့တစ်တွေလွယ်လင့်တကူရယူခံစားမိတတ်တဲ့
အဖိုးတန်ရတနာများစွာရှိပါတယ်။
ဒါတွေကိုအလေး၈ရုပြုရကောင်းမှန်းမေ့နေတတ်ကြတယ်။
တိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊အကြောင်းတစ်မျိုးမျိုးနဲ့ မမျှော်လင့်တဲ့အကြောင်းရာတွေကြောင့်ပဲဖြစ်ဖြစ်ပြန်လည်တွေးမိပြောမိကြတဲ့အခါတွေမှာ၊
သည်ရတနာတွေရဲ့တန်ဖိုးကိုပြည့်ပြည့်ဝဝသိမြင်ကြလေ့ရှိပါတယ်။

ငယ်ငယ်တုန်းကအဖြစ်ပျက်လေးတစ်ခုပါ။ နယ်မြို့လေးကအစိုးရဝန်ထမ်းအိမ်မှာနေခဲ့တုန်းက၊
အိမ်တွေကတစ်အိမ်နဲ့တစ်အိမ်အရမ်းဝေးတဲ့အပြင်၊အိမ်ဘေးပတ်လည်မှာလဲသစ်ပင်ကြီးတွေနဲ့ ဆိုတော့ညရောက်လာပြီဆိုရင်၊ခြံထဲမှာဆိုမဲမှောင်လို့။

အဲဒီနေ့ကအလုပ်ကိစ္စနဲ့ဖေဖေအပြင်သွားနေတုန်းအိမ်မှာမေမေ၊အကိုငယ်လေး၊ကျွန်မနဲ့ ငယ်ငယ်ကလေးတည်းကအိမ်မှာအတူနေခဲ့တဲ့အမကြီးရယ်၄ယောက်ပဲကျန်ခဲ့တယ်။
မေမေနဲ့ကျွန်မတို့မောင်နှမညစာထမင်းစားနေတုန်း၊လူပျိုပေါက်စအကိုငယ်လေးကစကားတပြောပြောနဲ့ထမင်းစားပွဲကနေအိမ်နောက်မီးဖိုချောင်ဘက်ကိုထထွက်သွားပါတယ်။
မေမေနဲ့ကျွန်မလည်းထမင်းစားယင်းစကားဆက်ပြောနေတုန်းအိမ်နောက်ဖက်ကိုထွက်သွားတဲ့ကိုလေးဆီကအသံနက်ကြီးနဲ့အော်လိုက်တာကိုကြားလိုက်ရတယ််။

ရုတ်တရက်ဆိုတော့ကြောင်သွားခဲ့တယ်။ဘာများဖြစ်တာပါလိမ့်..။
သတိရလို့အိမ်နောက်ဖက်ကိုအပြေးအလွှားလိုက်ကြည့်မိတော့ကိုလေးကမေမေ့ကိုဖက်ထားပြီး၊မေမေကသူ့ကျောကိုသတ်ပေးနေတာကိုတွေ့လိုက်ရတယ်။
ဘေးနားမှာလည်းအမကြီးကတုန်တုန်ရီရီနဲ့။သူ့လက်မှာလည်းကျွန်မဆော့တဲ့အိုးပုတ်တွေကိုင်လို့ပေါ့။

ဘာဖြစ်ကြတာပါလိမ့်။
အခုနကထိိကျွန်မရှေ့ကထိုင်ခုံမှာထိုင်နေခဲ့တဲ့မေမေကဘယ်လို့လုပ်ပြီးကိုလေး နံဘေးကိုရောက်သွားတာပါလိမ့်..။

ကိုလေးကိုအိမ်ရှေ့ကိုပြန်ချောခေါ်လာ၊ထိုင်ခုံပေါ်ထိုင်ခိုင်း၊ရေတိုက်လုပ်နေကြတဲ့အချိန်ထိဘာဖြစ်တာလဲ..၊မေမေကလည်းဘယ်လို့လုပ်ပြီးကျွန်မအရှေ့ကနေအိမ်အနောက်ထဲကကိုလေးနံဘေးကိုရောက်သွားတာလဲဆိုတာကိုနားမလည်နိုင်သေးဘူး။
ရှားလော့ခ်ဟုန်းစာအုပ်တွေအသည်းအသန်ဖတ်တတ်တဲ့ကျွန်မတစ်ယောက်၊အတွေးတွေနဲ့ချာချာလည်နေခဲ့တယ်။

ထမင်းစားပွဲမှာမေမေထိုင်တဲ့ခုံကကျွန်မရဲ့အရှေ့တည့်တည့်။
မေမေနဲ့ကျွန်မအကြားမှာကလည်း၁၀_၄ပေနီးပါးလောက်ရှိမယ့်ထမင်းစားပွဲ။
အိမ်နောက်ကိုသွားတဲ့တံခါးကကျွန်မရဲ့နောက်ကျောတစ်လံအကွာလောက်မှာ။
တံခါးဆီရောက်ဖို့ဆိုရင်၊ထမင်းစားပွဲကိုပတ်ပြီးမှသွားရမယ်။
ကိုလေးရပ်ပြီးအော်ခဲ့တဲ့နေရာနဲ့ထမင်းစားပွဲကဆိုရင်မဝေးဘူးဆိုရင်တောင်ပေ၂ဝဝနီးပါးလောက်ရှိမယ်။
ဒီအကွာဝေးကိုမေမေတစ်ယောက်ထိုင်ခုံကနေမျက်စိတမှိတ်အတွင်း လှစ်ခနဲဘယ်လိုများရောက်သွားပါလိမ့်နော်......။

အဲဒီအချိန်မှာမေမေရှင်းပြတော့မှပဲအကိုငယ်လေးအသည်းငယ်သွားရတဲ့အကြောင်းရင်းကိုသိရတော့တယ်။
နေ့လည်ကကျွန်မဆော့ထားတဲ့အိုးပုတ်တွေကိုအိမ်အပြင်မှာအမကြီးကတကုန်းကုန်းနဲ့ လိုက်ကောက်သိမ်းနေတာကို၊မနီးမဝေးအိမ်ထဲကနေလှမ်းမြင်လိုက်တဲ့အကိုငယ်လေးက အမှောင်ထဲကတကုန်းကုန်းတလှုပ်လှုပ်နဲ့အရာကြီးဆိုပြီးအရမ်းလန့်ပြီးအော်လိုက်တာတဲ့။
သြော်-ဖြစ်မှဖြစ်ပလေနော်။

ဒါဆိုရင်မေမေကကော..။
ပုံမှန်ဆိုရင်ထိုင်ခုံကနေထမင်းစားပွဲကိုပတ်ပြီးသွားမှအနောက်တံခါးဆီရောက်နိုင်မှာကို၊သားဇောနဲ့လွှားခနဲစားပွဲကိုကျော်ပြီး၊လေအဟုန်နဲ့အိမ်နောက်ဖေးကသားဆီကိုရောက်သွားခဲ့တယ်။(ရှားလော့ခ်ဟုမ်းလည်းမတွေးတတ်တော့ပါ..။)

ရှောင်လင်သိုင်းသမားလည်းမဟုတ်တဲ့မေမေ။
အရေးကြုံလာတော့တရုတ်သိုင်းကားထဲကမင်းသမီးတွေထက်တောင်လျင်မြန်တဲ့ခုန်နှုန်းနဲ့သားငယ်ဆီအရောက်သွားခဲ့တယ်။
အဲသည်နေ့ကမေမေ့လှုပ်ရှားမှု့နဲ့မေမေ့မေတ္တာတွေဟာအခုတိုင်ကျွန်မတို့မောင်နှမအမှတ်ရနေဆဲပါ။

မိခင်ဟာသားသမီးတွေကိုတိုင်းတာလို့မရနိုင်တဲ့မေတ္တာထုနဲ့့ချစ်မြတ်နိုးကြသူများဖြစ်ပြီး၊မိခင်ရဲ့မေတ္တာဟာသားသမီးတွေအပေါ်အလွန်တရာကြီးမားလှတဲ့အတွက်ကြောင့် မိခင်ဟူသည်သားသမီးတို့အတွက်အားထားရာအစစ်ဖြစ်ပါတယ်။
ဤလောကရှိလူသားအားလုံးသည်မိခင်တို့ရဲ့သားသမီးပင်ဖြစ်သည့်အတွက်၊မိခင်ဟူသည်လောကလူသားအားလုံးရဲ့လေးစားဦးညွတ်ရိုသေအပ်သောကိုးကွယ်ရာအစစ်ပင်ဖြစ်ပါဧ။်။


အိပ်စက်ခြင်း

အလုပ်ပိတ်ရက်မှာအစာတွေတဝကြီးစားပြီး၊နေ့လည်ရောက်တော့ မျက်လုံးကစင်းစင်းလာတာနဲ့၊ မဖြစ်သေးပါဘူးဆိုပြီး၊နက်ပေါ်မှာအိပ်စက်ခြင်း အကြောင်းကိုလျှောက်ကြည့်မိတယ်။
ဟိုဆိုက်..ဒီဆိုက်ကတွေ့မိသမျှလေးတွေစုထားသမျှလေးတွေဒီပေါ်မှာတင်ထားလိုက်မယ်နော်...။
ဘဝသက်တမ်းမှာ-သက်တမ်းရဲ့၁/၃အချိန်ကိုအသုံးပြုလိုက်ကြတာက အိပ်စက်ခြင်းတဲ့။ လူတစ်ယောက်ကအသက်၁ဝဝရှည်တယ်ဆိုရင်သူ့ရဲ့ သက်တမ်းအနှစ်၃ဝကျော်ကအိပ်တာနဲ့ပဲအချိန်ကုန်သွားတာပေါ့နော်။

သိပံပညာရှင်၊သချင်္ာပညာရှင်၊စတဲ့နယ်တွေအပြင်တခြားနယ်ပယ်တွေမှာပါ ကျော်ကြားခဲ့တဲ့ ပန်းချီဆရာကြီးလီယိုနာဒိုဒါဗင်ချီဟာဆိုရင်တစ်နေ့ကိုလေး နာရီခြားတစ်ခါ၁၅မိနစ်ပဲအိပ်တယ်တဲ့။
တစ်နေ့တာ၂၄နာရီနဲ့တွက်ကြည့်ရင် ၁နာရီနဲ့မိနစ်၃ဝပဲအိပ်ချိန်ကိုအသုံးပြုတယ်လို့ဆိုရမှာပေါ့နော့။ သူများတွေက သက်တမ်းရဲ့၁/၃အိပ်နေတဲ့အချိန်မှာသူက၁/၅လောက်ပဲအိပ်တယ်။
သာမာန်လူတွေထက် ၂ဆလောက်ပိုအလုပ်လုပ်တယ်ဆိုနိုင်တာပေါ့နော်။

ဒါဆိုရင်နာမည်ကြီးကျော်ကြားတဲ့သူဖြစ်ချင်ရင်မအိပ်ရတော့ဘူးလား...ဆိုတော့လဲ၊ဒီလိုလဲမဟုတ်သေးပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်မှာလိုအပ်တဲ့အိပ်ချိန်တွေကလည်းမတူကြဘူးနော်။
တစ်ချို့ကနည်းနည်းလေးအိပ်ရုံနဲ့ အိပ်ရေးဝတယ်။တစ်ချို့ကြကာလန၈ါးလို့အိပ်ပေမယ့်အိပ်ရေးမဝကြဘူး။
ဘာကြောင့်များပါလိမ့်...။
ဆရာဝန်အများစုကလူတစ်ယောက်ဟာတစ်နေ့ကို၆-၈နာရီကြားအိပ်တယ်ဆိုရင် ကျန်းမာရေးအတွက် လုံလောက်တယ်တဲ့။ တွေ့ပါပြီ။တွေ့ပါပြီ။

အိပ်ပျော်ခြင်းအမျိုးအစား

အိပ်ပျော်တာကို အကြမ်းအားဖြင့်၂မျိုးခွဲထားတယ်။ အိပ်ပျော်တဲ့အခါမှာဦးဏှောက်ကအလုပ်လုပ်နေပြီးအိပ်တာနဲ၊့ဦးဏှောက်ကအလုပ်မလုပ်တော့ဘဲအိပ်ပျော်တာ။
ဦးဏှောက်ကအလုပ်လုပ်နေယင်းနဲ့အိပ်ပျော်တာကို R-E-M[Rapid-EyeMovement] လို့ခေါ်ပြီး၊
ဦးဏှောက်ကအလုပ်မလုပ်တော့ဘဲအိပ်ပျော်တာကို NonR-E-M[NonRapid-EyeMovement]လို့ခေါ်ကြပါတယ်။

R-E-M အိပ်ပျော်ချိန်မှာဆိုရင်ဦးဏှောက်ကအလုပ်လုပ်နေလို့အိပ်မက်မက်တာ၊<ကက်တက်တာမျိုးတို့လို ကိုယ်ခနာအစိတ်အပိုင်းတွေကလှုပ်ရှားနေပြီး၊
NonR-E-M အချိန်ရောက်သွားပြီဆိုရင်တော့ဦးဏှောက်ကအလုပ်မလုပ်တော့ဘဲ၊ နှစ်နှစ်ခြိုက်ခြိုက်နဲ့ကိုအိပ်ပျော်သွားပါတယ်။

စ-အိပ်ပျော်ပြီး၃နာရီအတွင်းမှာလူတိုင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့ရှိကြပါတယ်။၃နာရီနောက်ပိုင်းမှာတော့ အိပ်မက်မက်တာတို့၊အသံကြားရုံနဲ့နိုးတာတို့ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။

အိုး.....ဒါကြောင့်မနက်အိပ်ရာထလာတဲ့အခါမှာဒီကနေ့အိပ်ရေးဝတယ်လို့ခံစားရရင် NonR-E-Mဦးဏှောက်ကအလုပ်မလုပ်ဘဲအိပ်တဲ့အချိန်များတယ်််။ဘယ်လောက်အချိန်ကြာကြာအိပ်အိပ်၊
အိပ်ရေးမဝဘူးဆိုရင်တော့ဦးဏှောက်ကအလုပ်လုပ်ပြီးအိပ်တဲ့R-E-M အချိန်ကပိုများတာကိုး။

ဒါဆိုလို့ရှိရင်ဒါဗင်ချီကနည်းနည်းလေးအိပ်ရုံနဲ့အိပ်ရေးဝတယ်ဆိုတော့သူကအိပ်လိုက်တိုင်း NonR-E-Mဦးဏှောက်ကအလုပ်မလုပ်ဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်တယ်လူသားလို့ပြောနိုင်တာပေါ့။



အိပ်စက်ခြင်းရဲ့အကျိုး

အိပ်ချင်လာတယ်ဆိုရင်ဒါကဦးဏှောက်ကအနားချင်ပြီဆိုတဲ့အချက်ပေးတာတဲ့။

ဦးဏှောက်ကမီးနီပြလိုက်တော့အိပ်သွားပြီဆိုရင်၊အဲဒီအိပ်နေတဲ့အချိန်မှာလူ့ခနာကိုယ်ထဲကယို့ယွင်းပျက်စီးလာတာတွေကိုပြန်လည်ပြင်ပေးပါတယ်။ ဦးဏှောက်ကိုအနားပေးထားတဲ့အချိန်မှာဦးဏှောက်ကသူထဲမှာရှိတဲ့ဆဲလ်တွေကိုပြင်ပေးသလို၊ဦးဏှောက်ရည်စတာတွေကိုလည်းထုတ်ပေးပါတယ်တဲ့။ ဒါကြောင့်အိပ်စက်တာဟာမှတ်ဉာဏ်စွမ်းရည်ကိုလည်းအထောက်အကူပြုပါတယ်။ဒါတင်မကဘူးအိပ်နေတဲ့အချိန်မှာအရိုး၊
<ကက်သားတွေကိုကြီးထွားအောင်လုပ်ပေးသလို၊အရေပြားအသစ်လဲတာတွေဟာလည်းလုပ်ပေးပါတယ်။ဒါကြောင့်မို့လို့ အိပ်ရေးမဝရင်အသားရေပျက်စီးတယ်လို့လူတွေကပြောကြ တာပေါ့နော်။

နောက်ပြီး..နောက်ပြီး..မိန်းမချောကလေးဖြစ်ချင်တယ်ဆိုရင်ည၁၁နာရီလောက်ကစပြီးအိပ်တာ ကောင်းပါတယ်တဲ့။ ဘာလို့လဲဆိုတော့ည၁၂နာရီဟာ ကြီးထွားမှုဟိုမုန်းတွေအများဆုံးထုတ်ပေးလို့ပါတဲ့။

ကောင်းကောင်းအိပ်ပျော်အောင်

ညကောင်းကောင်းအိပ်ပျော်ချင်တဲ့သူတွေအတွက်ဘာတွေလုပ်သင့်သလဲဆိုတော့-

-အချိန်မှန်မှန်အိပ်ပြီး၊အချိန်မှန်မှန်ထဖို့လိုတယ်တဲ့။
ကိုယ်သတ်မှတ်ထားတဲ့အိပ်ချိန်ရောက်ပြီဆိုရင်မအိပ်ချင်လည်းပဲအိပ်ရာထဲဝင်ပြီးမျက်စိမှိတ်အနားယူ တတ်တဲ့အကျင့်လုပ်ပေးရပါမယ်။ခန္ခာကိုယ်လည်ပတ်ပုံပျက်စီးသွားရင် အိပ်မပျော်တဲ့ရော၈ါမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့်လူငယ်တွေ အလုပ်ပိတ်၊ကျောင်းပိတ်တော့မယ်ဆိုရင်ညလုံးပေါက်ထပြီးနေတာမလုပ်ရပါဘူးတဲ့။(ကိုယ့်ကိုတည့်တည့်ကြီးပြောနေသလိုပါပဲလား..)

-ညနေ၄နာရီနောက်ပိုင်းနဲ့ညပိုင်းတွေမှာ ကာဖင်းဓာတ်ပါတဲ့ကော်ဖီ၊ကိုလာအချိုရည်၊လဖက်ရည်၊ချောကလက် တို့ကို မစားမသောက်ဖို့လိုပါတယ်။အရက်စတာတွေကလည်းဆေးဖြစ်ဝါးဖြစ်နည်းနည်းပဲသောက်ရင် အိပ်ပျော်စေပေမယ့်လို့၊ အများကြီးသောက်ရင်တော့ဦးဏှောက်အနားပေးတဲ့အိပ်စက်ခြင်းကိုမရနိုင်ပါဘူးတဲ့။


-နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်မနက်စောစောမှာနေပူစာလှုံတဲ့အကျင့်လုပ်ပေးနိုင်ရင်ကောင်းပါတယ်။

နေ့ခင်းမှာလည်းဘာအလုပ်ပဲဖြစ်ဖြစ်၊အားကြိုးမာန်တက်နဲ့လုပ်ပေးမယ်ဆိုရင်ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လွယ်တယ်လို့ဆိုပါတယ်။

-နောက်ညဘက်ကောင်းကောင်းအိပ်ပျော်အောင်လို့ညနေ၆နာရီနောက်ပိုင်းမှာ ပေ့ါပါးတဲ့ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာလည်းကောင်းပါတယ်။

-မအိပ်ခင်၁နာရီ၊၂နာရီအတွင်းမှာရေခပ်နွေးနွေးနဲ့ရေချိုးတာ။

-နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်မအိပ်ခင်နွားနို့ပူပူလေးကိုသောက်ပေးတာ။

-ကိုယ်အိပ်တဲ့အခါမှာအိပ်ခန်းကိုလည်းအလင်းရောင်တွေအများကြီး မဝင်အောင်လုပ်ပေးထားတာ။

-နောက်တစ်ချက်ကစိတ်ဝင်စားဖို့ကောင်းတယ်။
အသည်းရှိတဲ့ဝမ်းဗိုက်ရဲ့ညာဖက်အပေါ်ပိုင်းကိုနွေးနွေးထွေးထွေးဖြစ်အောင် အဝတ်နဲ့ပတ်ပြီးအိပ်တာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်တဲ့။

ကဲ...အိပ်ကောင်းခြင်းနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ပါစေ......။။

«အိပ်ငိုက်နေတုန်းရေးတာ...အမှားပါသွားခဲ့ရင်လည်းပြင်ပေးနိုင်ပါတယ်နော်။ အိပ်မပျော်ဘူးဆိုတဲ့ မိတ်ဆွေသယ်ချင်းတွေလည်း စမ်းသပ်ကြည့်ကြပါအုံး။»


Friday, June 1, 2007

ပထမခြေလှမ်းFirst Step

ပထမခြေလှမ်း

၁။ ကြိုကြိုတင်တင် ပူပင်နေလည်း
တွေ ့ရမယ့်အဖြစ်တွေ
မပြောင်းလဲနိုင်။
ဘာကိုမဆို ရင်ဆိုင်နိုင်ဖို့ပဲ စဉ်းစားထားလိုက်တာ
တို့စိတ်ချမ်းသာမယ်။
တွေဝေနေရင် အချိန်ကုန်ရုံပဲ
ဘာမှမထူးဘူးကွယ်။
ဘဝကိုရပ်တည်ဖို့ နည်းတွေမရှိ။
ကံကြမ္မာကို စိန်ခေါ်နိုင်ဖို့ တို့လှုပ်ရှားကြမယ်။။
ယုံကြည်ခြေတစ်လှမ်း.....ခြေတစ်လှမ်း
ရည်ရွယ်တဲ့လမ်းက ဘယ်လောက်ဝေးဝေးကွယ်
ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ်။
ပထမဆုံး ဒီခြေလှမ်းဟာ
အို..နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ်။ ။




၂။ ကိုယ်ရှင်သန်နေထိုင်နိုင်ခွင့်
ဘယ်လောက်အထိရရှိမယ် မသိရပါ။
ပိုင်ဆိုင်နိုင်တာ မသေခင်လေး
လူ့ဘဝထဲလေ
ဘယ်လိုနည်းနဲ့ အသုံးချမလဲ။
ရည်ရွယ်ရာ ဒီနယ်မြေသို့
ရောက်ရှိသွားဖို့ရာ
ရပ်ဖို့မဖြစ်နိုင်။
ပီပီပြင်ပြင် ဒီအချိန်မှာပဲခရီးသစ်စတော့မှာ။။
ယုံကြည်ခြေတစ်လှမ်း.....ခြေတစ်လှမ်း
ရည်ရွယ်တဲ့လမ်းက ဘယ်လောက်ဝေးဝေးကွယ်
ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ်။
ပထမဆုံး ဒီခြေလှမ်းဟာ
အို..နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ်။ ။ ။
«Ãမင်းချစ်သူရေးထားတဲ့သီချင်းအပိုင်းအစကိုကြိုက်လို့တင်ထားတာပါ။û