
မြန်မာပြည်အလယ်ပိုင်းမှာ နေတိုင်း အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်။ နေပူ၊ လေပူနဲ့ မြေပါပူတဲ့ နွေရာသီ။ ငယ်ငယ်က ဒီလိုပူပြင်းလှတဲ့ အချိန်ရောက်ပြီဆို--ရန်သူမျိုး၅ပါးထဲမှာ၊အင်မတန်ဆိုးဝါးလှတာ၊သူခိုးဓမြထက်ဆိုးတဲ့ရန်သူဟာ---- ဆိုတဲ့ သီချင်းသံဟာ နွေနဲ့အတူ ရပ်ကွက်ထဲမှာ ပျံလွင့်နေကြ။ နောက် ဘယ်မှာတော့ မီးလောင်လို့ဟေ့ ဆိုတဲ့အသံကလည်း နွေရဲ့အမှတ်သားတစ်ခုလိုပေါ့။
မြန်မာပြည်က နွေအကြောင်း စဉ်းစားမိတော့၊ တစ်ခုသော နွေရာသီမှာ ကျွန်မတို့မောင်နှမတွေ ကြုံတွေခဲ့ရတဲ့ အတွေ့ကြုံလေးတစ်ခုကို အမှတ်ယသွား မိတယ်။အဲဒီနေ့က ဖေဖေနဲ့ မေမေဟာ အလုပ်ကိစတစ်ခုနဲ့ အနီးနားက မြို့လေးတစ်မြို့ကို နေ့ချင်းပြန်ခရီးထွက်သွားကြတယ်။ အိမ်မှာက ကျွန်မတို့ မောင်နှမ၄ယောက်နဲ့ အိမ်စောင့်ပေးတဲ့အမကြီးရယ်ပဲ ကျန်ရစ်ခဲ့ကြတယ်။ မောင်နှမတွေအားလုံး ကလေးသဘာဝ ဆော့လိုက်တာ၊ကစားလိုက်တာ ကန်းကုန်ပေ့ါ။ အဲလိုနဲ့ညနေခင်းအချိန်လောက်ရောက်တော့ ဟိုဘက်ရပ်ကွက်က မီးသံချောင်း ခေါက်သံတွေနဲ့အတူ၊မီးသတ်ကားဥသြစွဲသံတွေပါကြားလိုက်ရတယ်။ ကျွန်မတို့ တွေလည်း မီးကိုလှမ်းမမြင်ရပေမယ့် အဲဒီရပ်ကွက်ရှိတဲ့ကောင်းကင်ဘက်ကို ၊ တန်းစီပြီး စပ်စုနေကြတာပေါ့။
အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်မှာ ဘွားဆို မီးတောက်ကြီးကတက်လာပါလေရော။ ကျွန်မတို့တွေ အရမ်းလန့်သွားမိတယ်။ ချက်ချင်းဆိုသလိုပဲ အသက် ၁၄လောက်အရွယ်ရှိတဲ့ အကိုအကြီးဆုံးနဲ့ သူ့အောက်ကအမတို့ဟာ၊ အိမ်စောင့့်ပေးနေတဲ့ အမကြီးကို ခေါ်ပြီးအိမ်ထဲကိုပြန်ဝင်သွားကြတယ်။ နောက် အပြင်မှာ ရပ်ကျန်နေရစ်တဲ့ အကိုငယ်လေးနဲ့ကျွန်မကိုပါ အကိုကြီးက အိမ်ထဲဝင်ခိုင်းပြီး၊ အကိုကြီးနဲ့ အမတို့ဟာ ဖေဖေတို့ အိမ်ခန်းဗီရိုထဲက ပစည်းတစ်ချို့ကို ထုတ်ပြီး စုပုံနေတာတွေ့ရတယ်။ အကြီးတွေအလုပ်ရှုပ်နေချိန်မှာ အကိုငယ်လေးကတော့ ကျွန်မ လက်ကိုဆွဲ၊ ရေချိုးခန်းရှိတဲ့ဘက်ကို ခေါ်သွားခဲ့တယ်။ နောက် ရေပိုင်စည်ထဲက ရေတွေနဲ့ ကျွန်မ ရဲ့ အဝတ်တွေကို ဆွတ်ဆွတ်ပေးယင်းနဲ့ သူ့ ပါးစပ်ကလည်း
မကြောက်နဲ့နော် ညီမလေး၊မကြောက်နဲ့နော် ညီမလေး ဆိုပြီး တတွတ်တွတ် ပြောနေတာကို
၄၊၅နှစ်အရွယ် ကျွန်မတစ်ယောက် အခုအချိန်အထိကောင်းကောင်း မှတ်မိနေခဲ့တယ်။
အကိုကြီးတစ်ယောက် ပစည်းတွေသိမ်းလိုက်၊အပြင်ထွက်ကြည့်လိုက်နဲ့။ စီမံခန့်ခွဲပြီး လှုပ်ရှားနေပုံက ကျွန်မ မြင်နေကြ ၁၄နှစ်အရွယ် အကိုကြီးမဟုတ်ဘဲ၊ ဖေဖေတို့မေမေတို့အရွယ် တကယ့် လူကြီးကြီးတစ်ယောက်လို ပဲပေါ့။ အဲဒီအချိန်တုန်းက အကိုကြီးဟာ သူကိုယ်သူ သူဟာ မောင်နှမတွေရဲ့ အကြီးဆုံး၊
တာဝန်အရှိဆုံးဆိုပြီး အငယ်တွေကိုလည်း ကာကွယ်၊ အိမ်ကိုလည်းစောင့်ရှောက်မယ် ဆိုတဲ့
တာဝန်ကိုဘယ်သူကမှတာဝန်ပေးတာမဟုတ်ပဲ၊သူ့အသိစိတ်နဲ့သူ ယူလိုက်တာ ဖြစ်မယ်။ ဒါပေမယ့် ၁၄နှစ်သား သူ့ရဲ့စိတ်တစ်နေနေရာမှာတော့ စိုးရိမ်စိတ်တွေနဲ့အတူ ရောက်ယက်ခတ်နေမလားပဲ။
အဲဒီအချိန်မှာပဲ ဖေဖေနဲ့မေမေဟာ မိုးပေါ်က ကျလာသလို အိမ်ကို ပြန်ရောက်လာတယ်။ ကျွန်မတို့အားလုံး အတင်းပြေးပြီး ဖေဖေနဲ့ မေမေကို ဖက်ထားလိုက်ကြတာ ယနေ့တိုင် အမှတ်ယနေဆဲပါ။ အဲဒီနောက် ဖေဖေက ကလေးတွေချည်းထားပြီး ဘယ်တော့မှ ဘာကိစနဲ့မှ မသွားတော့ဘူးလို့ မေမေကို ပြောခဲ့တယ်တဲ့။
အခုအချိန်မှာတော့ မိသားစုတွေအာလုံးဟာ အလုပ်ကိစနဲ့ တစ်ယောက်တစ်နေရာစီမှာ။ ဒါပေမယ့်၊ ဘယ်အချိန် ဘယ်နေရာကိုရောက်ရောက် ကျွန်မချစ်ရတဲ့ မိသားစုလေးကတော့ ရင်ထဲမှာ အမြဲရှိနေပါတယ်။။



