
မုန်တိုင်းဒဏ်ခံခဲ့ရတာ ၂ပတ်တောင်ရှိနေပြီ။
လူပေါင်း၇၈,၀၀၀အသက်ဆုံးရှုံးခဲ့ရသလို၊၅၅,၉၁၇ယောက်ပျောက်ဆုံးနေတဲ့ (မေ၁၆ရက်အစိုးရထုတ်ပြန်ချက်)နာဂစ်မုန်းတိုင်းကြောင့်သိန်းနဲ့ချီတဲ့လူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။
အခုလူတွေမှာ သောက်သုံးဖို့ ရေကောင်းကောင်းမရဘူး။
အစားအစာ ကောင်းကောင်းမရဘူး။
နေစရာအမိုးအကာ မရှိဘူးဖြစ်နေပါတယ်။
လူသားတစ်ယောက်မှာ ရနေတဲ့ စားဝတ်နေရေးဆိုတဲ့ အခြေခံ အခွင့်ရေးတွေ လုံးဝပျက်ဆုံးသွားတာပါ။
မုန်တိုင်းရဲ့နောက်ဆက်တွဲအနေနဲ့ ကာလ၀မ်းရောဂါ၊ အူရောင်ငန်းဖျားစတဲ့ ရောဂါတွေထူပြောလာနိုင်သလို၊ လူတွေရဲ့ စိတ်ဓာတ်တွေကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒေသကြီးတစ်ခုလုံးပျက်စီးသွားတာဖြစ်လို့ အဲဒီဒေသက ပညာရေး၊ကျန်းမာရေးတွေကို ပုံမှန်ပြန်လည်လည်ပတ်အောင်လုပ်ဖို့အတွက် နှစ်တွေ အများကြီးလိုအပ်ပါလိမ့်မယ်။
မုန်တိုင်းဘေးဒုက္ခခံခဲ့ရသူတွေအတွက် မြန်မာပြည်ထဲက လှုမှုရေးအသင်းအဖွဲ့တွေ၊ ဘုန်းကြီးရဟန်းတွေ၊ အနုပညာရှင်တွေ အပြင် နိုင်ငံခြားရောက် မြန်မာတွေကလည်း ကိုယ်တတ်နိုင်သလောက် တတ်အားသရွေ့ လေဘေးကူညီကယ်ဆယ်ရေးပစည်းတွေ လှုဒါန်းနေကြပါတယ်။
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစီးလုပ်ပေးတဲ့ သီတဂူဆရာတော် အရှင်ဥာဏိဿရက ဘီဘီစီသတင်းမှာ မိန့်သွားတာကို ပြန်လည်ဝေမျှပေးပါရစေ။
သူများဒုက္ခဖြစ် ကိုယ်က အေးဆေးစားနေရင် ဒါ ဘယ်မျိုကျမလဲ။
သမိုင်းတကွက်မှာ ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မပါဘူး၊ ကရုဏာစိတ်ဓာတ်ကို ပြဋ္ဌာန်းပြီးတော့ ပါဝင်ကူညီမှု မရလိုက်ရင် - သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ဒုက္ခာ မုစ္စန္တု - ဆိုတာ အရွတ်ပဲ ဖြစ်မှာပေါ့။ လက်တွေ့အလုပ်မပါရင် ကရုဏာရဲ့သဘောဟာ သရုပ်ဘယ်ပေါ်မလဲ။
နိုင်ငံတော်နဲ့ နိုင်ငံတကာနဲ့ ညီအကိုဖြစ်ဖို့ သိပ်လိုနေတယ်။ ဘာသာရေး ရှုထောင့် နိုင်ငံရေး ရှုထောင့် စသည့် အဲဒီ ရှုထောင့်တွေကို အသာလေး ဖယ်ထားပြီးတော့၊ ဒီအချိန်ဟာ ကရုဏာ ရှုထောင့်ကနေပြီး၊ ကျယ်ကျယ်ပြန့်ပြန့် မျက်စိကျယ်ကျယ် နားကျယ်ကျယ်နဲ့ ကြည့်ပြီးတော့ ဆောင်ရွက်မှသာလျှင် ဒီကိစ္စတွေဟာ အကုန်လုံး လက်တွဲနိုင်မယ့် အနေအထား ရှိမယ်လို့ ထင်တယ်။
ကရုဏာဆိုတဲ့ Common platform တခု ၀ိုင်းဝန်း တည်ဆောက်ဖို့ လိုလိမ့်မယ်။
ဒီမြေမှာမွေး၊ဒီမြေမှာကြီးပြင်းခဲ့ကြတဲ့ ညီနောင်ဖွားတွေအတွက်
ဒီမြေမှာမွေး၊ဒီမြေမှာကြီးပြင်းခဲ့ကြတဲ့ ညီနောင်ဖွားတွေအတွက် ကျွန်မတို့ တတ်နိုင်တဲ့ဖက်က၀ိုင်းဝန်းကူညီသွားကြရအောင်နော်။彡★"

No comments:
Post a Comment