
လူမည်းအမျိုးသားတစ်ဦး။
သူ့ဘ၀အတွက်လည်းကောင်း၊ သူတို့လူမျိုးအတွက်လည်းကောင်း၊ကမ္ဘာကြီးတစ်ခုလုံးလည်းကောင်း၊ ရုန်းကန်ပေးဆပ်ခဲ့သူ။
ငွေကိုမက်မောတွယ်တာခြင်းမရှိ၊ထင်ပေါ်ကျော်ကြားမှုနှင့်ဂုဏ်ပကာသနများကို ဂရုမထား၊
လူသားအချင်းချင်းကူညီရန်မှတစ်ပါး တခြားဘာကိုမှအလေးမထားသူ။
ပါမောက္ခ၊ပညာရေးသုခမိန်၊တီထွင်သူ၊ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။
သူရဲ့အတ္ထုပတ္တိထဲက ကောက်နှုတ်မိသမျှတစ်ချို့ပါ။
လောကအကြောင်းကို သိနားလည်လိုတဲ့ ဆန္ဒ
လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဟဲ့-ဖုန်ထဲမှာ မဆော့နဲ့ လို့ပြောတာဟာ အဲဒီကလေးကို သတ်တာပါတဲ့။ ဘာလို့လဲ့ဆိုတော့ ဖုန်ထဲမှာ အသက်ရှိနေတယ်။ ဖုန်၊မြေကြီး၊သစ်ရွက်၊သစ်ပင်နဲ့သစ်မြစ်တွေဟာ ကလေးငယ်အတွက်သူငယ်ချင်းတွေ၊ကစားစရာတွေ။နောက်လေ့လာစရာတွေပါ။
ယာသမား၊လယ်သမားရဲ့အလုပ်
အပင်တစ်ပင်ဟာ တစ်ချို့သောအရာတွေကို ရရှိဖို့လိုအပ်တယ်။ မြေကြီးကလည်းသူ့မှာပေးစရာတွေအများကြီးရှိနေတယ်။
ယာသမား၊လယ်သမားရဲ့ အလုပ်က အဲဒီ သစ်ပင်နဲ့မြေကြီးအကြားမှာ အဆင်ပြေပြေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပေးရန်သာဖြစ်တယ်။
ဆရာ
မစ္စတာကာဗာကသူ့တပည့်တွေကိုသူအနေနဲ့ကျောင်းကိုရောက်လာတာဟာ တစ်ဦးတစ်ယောက်တည်းတိုးတက်အောင်ဆောင်ရွက်ပေးဖို့လာခဲ့ခြင်းမဟုတ်။ လူမျိုးတစ်မျိုးလုံးတိုးတက်အောင်ခေါင်းဆောင်ပေးနိုင်မယ့်သူတွေ ပေါ်ပေါက်လာရေးအတွက် ပညာသင်ကြားပေးဖို့လာတာလို့ အသိပေးလေ့ရှိပါတယ်။
အလုပ်
ကိုယ့်လူမျိုးကို တိုးတက်အောင် ခေါင်းဆောင်ပေးနိုင်မှသာ မင်းတို့ကိုယ်မင်းတို့ အောင်မြင်တယ်လို့ပြောနိုင်မှာ။ မင်းဝတ်ထားတဲ့ အ၀တ်အစား၊ ဘဏ်ထဲမှာထည့်ထားတဲ့ မင်းငွေတွေက မင့်ဘ၀ကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး။
မင်းရဲ့ အလုပ်ကသာ ဆုံးဖြတ်မှာ။
ထူးခြားမှုမရှိတဲ့ သာမာန်အရာတွေကို ထူးထူးခြားခြားနဲ့ ကောင်းအောင်လုပ်တတ်အောင် သင်ကြပါ။
သေခြင်းတရား
ငါဘယ်တော့သေမလဲ ဆိုတာက အရေးမကြီးပါဘူး။
အသက်ရှင်နေတုန်း အလုပ်ဘယ်လောက်လုပ်သွားနိုင်မလဲဆိုတာကသာ ပိုပြီးအရေးကြီးပါတယ်။
(***ပါရမီရှင်- မိမိအကျိုးအတွက် ငဲ့ကွက်လိုလားခြင်းဟူ၍ လုံးဝမရှိဘဲ အများအကျိုးအတွက်သာရှေးရှုခြင်း။***)

No comments:
Post a Comment