Thursday, May 29, 2008

အတွေးရထား

ဒီနေ့ရုံးအသွား စီးနေကျ ၈:၃၁ မြေအောက်ရထားက ရထားပေါ်တက်လို့မရအောင် လူတွေပြည့်ညပ်နေလို့ နောက်တစ်စင်းဖြစ်တဲ့ ၈:၃၃ မိနစ်ရထားနဲ့ လိုက်ဖြစ်ခဲ့တယ်။
ဒီရထားမှာလည်း လူတွေက ပြည့်နေပေမယ့် လူတစ်ရပ်စာလောက်တော့ နေရာရခဲ့ပါတယ်။
ဒုတိယမြောက် ဘူတာလည်းရောက်တော့ ရထားက ဘူတာမှာ ရပ်နေကျအချိန်ထက်
၁မိနစ် ၂မိနစ်လောက် ပိုကြာရပ်နေပါလေရော။ ဘာကြောင့်ပါလိမ့်။




မကြာပါဘူး။ ရထားပေါ်မှာ အရေးပေါ်လူနာပေါ်လာတဲ့အတွက် နောက်ကျသွားတာဖြစ်လို့ အနူးအညွတ်တောင်းပန်ပါတယ်ဆိုတဲ့ ကြေငြာသံနဲ့အတူ


ရထားတံခါးလည်းပိတ်ပြီး ရထား ဆက်ထွက်လာပါတော့တယ်။


ဒီ ၁မိနစ်၊၂မိနစ်လောက် အချိန်ကလေးဖြစ်ပေမယ့်လည်း ရထားတာဝန်ခံတွေက

ခရီးသည်တွေကို အကျိုးကြောင်းနဲ့ရှင်းပြပြီးသေချာတောင်းပန်တယ်။

တိုကျိုမှာ ၁မိနစ်ကအစ သိပ်ကိုတန်ဖိုးရှိတာ မှန်ပေမယ့်၊ အကျိုးသင့်အကြောင်းသင့်နဲ့

အရေးပေါ်ကိစ္စဆိုတော့ ခရီးသည်တွေအနေနဲ့လည်း နောက်ကျမှုကို ကျေကျေနပ်နပ်ပဲလက်ခံလိုက်ကြတာပေ့ါ။


လျှပ်တစ်ပြက်ခံစားလိုက်ရတဲ့ တာဝန်သိတတ်မှု၊ ရထားကုမ္ပဏီနဲ့ ခရီးသည်အကြားက အပြန်အလှန်ထားလိုက်ကြတဲ့ လေးစားမှု နဲ့ နားလည်မှု့လို့ ဆိုနိုင်မလား။


ဒီလိုပဲ ဝန်ဆောင်မှုပေးသူ နဲ့ ယူသူအကြား၊

ရောင်းသူ နဲ့ ဝယ်သူ အကြား၊

ထုတ်လုပ်သူ နဲ့ စားသုံးသူ အကြား၊

အုပ်ချုပ်သူ နဲ့ ပြည်သူ အကြား


တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှု၊ နားလည်မှုတွေသာ အမြဲထားရှိနိုင်မယ် ဆိုရင် အေးချမ်းပြီး တည်ငြိမ်မှုရှိတဲ့ တိုးတက်မှုကိုသာ ဦးတည်တဲ့ အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်သွားနိုင်မှာပဲနော်။('-'*)

No comments: