ကမ္ဘာပေါ်မှာ အသက်၁၈နှစ် အောက်ကလေးငယ်ပေါင်း ၂၂ကုဋေ ရှိတယ်လို့ ယူနီဆက်ရဲ့ ၂၀၀၆ခုနှစ်က အချက်လက်တွေအရသိရပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ထဲမှာ မိဘကမလိုချင်ဘဲနဲ့မွေးလာလို့ မှတ်ပုံတင်မထားတဲ့ကလေးတွေ၊ ဘယ်နိုင်ငံကမှန်းမသိတဲ့ အားလုံးကမေ့ထားကြတဲ့ကလေးငယ်အရေတွက်ဟာ ၃ကုဋေလောက်ရှိပါတယ်တဲ့။
စစ်ပွဲတွေ၊ သဘာဝဘေးတွေ၊ နောက် ဆင်းရဲတဲ့ဒဏ်တွေကြောင့် အိုးအိမ်မဲ့ပြီး၊ လူတွေကလည်း မေ့ထားကြတဲ့ ကလေးငယ်တွေဟာ၊ သူတို့အချင်းချင်းစုပြီး နေထိုင်ကြတဲ့ ကလေးများရွာတွေဟာလည်း အခုအခါ ကမ္ဘာအနှံမှာ ရှိနေပါတယ်။ အဲဒီကလေးငယ်တွေ နေထိုင်တဲ့ ကမ္ဘာနေရာတစ်ချို့က ကလေးရွာတွေကို သရုပ်ဆောင် ၄ယောက်က သွားရောက်လည်ပတ်တဲ့ နီဟွန် တီဗီ ( Nippon Television ) ရဲ့ 「地球の家なき子~忘れられた3億人の子ども達~」 {ကမ္ဘာပေါ်ကအိမ်မဲ့နေတဲ့ကလေးတွေ၊မေ့ထားကြတဲ့ ကလေးငယ် ၃ ကုဋေ} အစီစဉ်လေးကိုပြန်လည် ဝေမျှပေးလိုက်ပါတယ်။
၁။ မြန်မာ၊လာအိုနဲ့နယ်နိမိတ်ဆက်နေတဲ့ ထိုင်းမှာ နာနာ လို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ကလေးငယ်တွေချည်းပဲနေထိုင်ကြသတဲ့။ ၄နှစ်ကနေ ၁၈နှစ်အောက် ကလေးငယ်ပေါင်း ၁၃၁ ယောက်။ အဲဒီရွာရဲ့ နေရေးထိုင်ရေးစားဝတ်နေရေးကအစစ အဘက်ဘက် သူတို့ ခြေထောက်ပေါ်မှာပဲ သူ့တို့ရပ်တည်နေကြတယ်။ ရွာသူကြီးက အသက်၁၈နှစ်အရွယ် ကောင်လေး။ ရွာက ကလေးငယ်တဝက်ကျော်ကျော်ဟာ မိဘက စွန့်ပစ်လို့၊ အရောင်းစားခံရလို့စတဲ့ အကြောင်းတွေနဲ့ ဆင်းရဲတဲ့ကလေးတွေ။ အဲဒီရွာမှာ နေယင်း ကျောင်းသွားကြ၊စာသင်ကြနဲ့ ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် ကြိုးစားနေကြတယ်။တီဗွီအစီစဉ်ထဲမှာ သရုပ်ဆောင်Azusa Yamamotoက ကလေးရွာကို တစ်ပတ်ကြာ သွားနေခဲ့တယ်။ အဲဒီမှာ အဖေကနှိပ်စက်လို့ မိသားစုပြိုကွဲသွားပြီး၊ နုနယ်တဲ့ နှလုံးသားမှာ ဒဏ်ရာရှိခဲ့တဲ့ အသက်၁၄နှစ်အရွယ် ဘွန်ဆို ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီ ဘွန်ဆိုလေးရဲ့ ကူညီတတ်ပုံ၊ ဘဝတူကလေးငယ်လေးအပေါ် အမတစ်ယောက်လို ကြင်နာတတ်ပုံတွေ တွေ့ရပါတယ်။နောက် Azusa ကအနီးနားတဝိုက်က ဒေသတစ်ချို့ကို သွားတဲ့အခါ ကလေးငယ်ကို အလုပ်လုပ်ဖို့ လာခေါ်တဲ့ ပွဲစားအမျိုးသမီးကြီး၊ ရိုးရိုးစားသောက်ဆိုင်မှာ လုပ်ရမယ်လို့ ထင်နေတယ် ကောင်မလေးတွေ၊ မိသားစု စားဝတ်နေရေးအတွက် ရောင်းစားကြတဲ့ မိသားစုတွေနဲ့တွေ့ခဲ့သေးတယ်။ နောက် အဲဒီမှာ အသက်၁၃နှစ်အရွယ်မှာ အရောင်းခံ လိုက်ရပြီး၊ မြို့ပေါ်တက်အလုပ်လုပ်ငွေရှာပေးပြီး၊ အခုသူ့မိဘဆီ AIDS ရော၈ါနဲ့ အတူ ပြန်ရောက်လာတဲ့ အသက် ၂၃ နှစ်အရွယ် ဝေဒနာသည် တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပုံလည်း စိတ်မကောင်းစရာ တွေ့ရပါတယ်။
ကလေးရွာကို သွားခဲ့တဲ့ Azusa က ကလေးငယ်တွေဟာ ဝေဒနာကို အပြုံးနဲ့၊ ကြေကွဲမှုတွေကို တေးသီချင်းနဲ့ ပြောင်းလဲပြီး၊ သူတို့ဘဝတွေကို ဖြောင့်ဖြောင့်တန်းတန်း အသက်ရှင်နေကြတယ် ။ အဲဒါတွေဟာ ဝမ်းသာစရာဖြစ်ပေမယ့် ၊ သူတို့ဘဝလေးတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းတွေ ပျောက်ကွယ်သွားတာမဟုတ်ဘူး။ ငါတို့ လူကြီးတွေ အဲဒီကလေးငယ်တွေအတွက် ဘာများလုပ်ပေးနိုင်မလဲ-တဲ့။

No comments:
Post a Comment