Friday, June 27, 2008

Review- Life

ဇွန်လရောက်တော့ (June Bride) ဆိုတဲ့စကားသတိရမိပါတယ်။ဥရောပရှေးအဆိုအရ ဇွန်လမှာလက်ထပ်တဲ့ သတို့သမီးဟာ ပျော်ရွှင်၇တတ်တဲ့။ဇော်ဝင်းထွဋ်သီချင်းထဲကလို မင်္ဂလာဆောင်ပွဲလေးကျင်းပချင်ပါတယ် ဆိုသလို လှပပြီးပျော်စရာကောင်းတဲ့ လက်ထပ်ပွဲလေးကို ကျင်းပချင်တဲ့ သူတွေလည်း နည်းမယ်မထင်ဘူးနော်။ ဒါနဲ့ အခု ဂျပန်မှာ လူကြိုက်များ ခေတ်စား နေတဲ့ မင်္ဂလာဆောင်ပုံစံတစ်ချို့ကို လက်တို့လိုက်ပါရစေ။ (^o⌒)-☆

အခုဂျပန်မှာ ဂျင်းဂျားဘုရားကျောင်းတွေ၊ Churchတွေမှာ ရှေးရိုးစဉ်လာပုံစံမပျက်လုပ်တဲ့ မင်္ဂလာဆောင်တွေထက်၊ ပုံစံသစ်၊စတိုင်သစ်နဲ့၊ မင်္ဂလာပွဲကို လာတဲ့သူတွေအားလုံးပါ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွဲနိုင်တဲ့ မင်္ဂလာအခမ်းနားတွေကိုလူကြိုက်များလာတယ်လို့ မင်္ဂလာဆောင်အကြောင်းတွေရေးတဲ့ ဂျာနယ်လစ် တစ်ယောက်ကဆိုတယ်လေ။

ဥပမာ- မင်္ဂလာသစ္စာစကားကို ဘုန်းကြီးရှေ့မှာ ကျန်းဆိုတာမျိုးထက်၊ ပရိသတ် လူအများရှေ့မှာ ဆိုတာမျိုး 人前式 【Jin Zen Shiki】စတိုင်၊

မင်္ဂလာလက်စွပ်လေးတွေကို တန်းစီနေတဲ့ ပရိသတ်က တစ်ယောက်နဲ့ တစ်ယောက်လက်ဆင့်ကမ်းပေးယင်းနဲ့ သူတို့သား၊သူတို့သမီးဆီ ရောက်သွားတဲ့ リングリレー【 Ring Relay】စတိုင်မျိုးတွေပါ။
ဟုတ်တယ်နော်။ မင်္ဂလာဆောင်တက်လာတဲ့သူတွေပါ ပါဝင်ခွင့်ရတော့ ပျော်စရာကောင်းပြီး အမှတ်တရလည်းရှိမယ့် မင်္ဂလာပွဲလေးဖြစ်မှာ သေချာတယ်။
နောက် သူတို့သား၊သူတို့သမီးကဖယောင်းတိုင်မီးကိုကိုင်ပြီး၊ ပရိသတ် စားပွဲဝိုင်းတွေဆီမှာ ချထားတဲ့ မီးအိမ်ငယ်လေးမှာ လိုက်ပြီးမီးထွန်းပေးတဲ့ルミファンタジア【LumiFantasia】စတိုင်၊
ဘောလုံးအကြီးကြီးကိုဖောက်လိုက်တဲ့အခါ အထဲက ရောင်စုံ၊ ပုံစံစုံ ဘောလုံးသေးသေးလေးတွေအများကြီးထွက်လာတဲ့バルーンスパーク【BalloonSparkု】ပုံစံတွေလည်း လူကြိုက်များတယ်ဆိုပဲ။


ဒါနဲ့ မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး အသက်၂၀-၃၄နှစ်အကြား ဂျပန်မိန်းခလေး၊ ယောင်္ကျားလေး၁၄၀၃ယောက်ကိုမေးပြီး ကောက်ယူထားတဲ့ အယ်လ် ၂၅စာစောင်ရဲ့ စစ်တမ်းကိုကြည့် ကြည့်ကြရအောင်ပါ။

မေး၁- မင်္ဂလာဆောင်အခမ်းနား ကျင်းပချင်ပါသလား၊ ကျင်းပခဲ့ပါသလားဆိုတော့
ဖြေ- ၉၀ . ၉ %က ဟုတ်ကဲ့ပါတဲ့။

မင်္ဂလာဆောင်ချင်တဲ့၊ဆောင်ခဲ့တဲ့အကြောင်းရင်းကလည်းအမျိုးမျိုးပါ။ အဲဒီထဲက

-ဒီအသက်ရွယ်၊အချိန်ထိ ဘေးကနေ ၀ိုင်းဝန်းပံပိုးကူညီပေးခဲ့တဲ့ မိဘ၊ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူ မင်္ဂလာရှိတဲ့အချိန်လေးကို လိုချင်လို့။

-ပုံပြင်တွေထဲကလို မင်းသမီးလေးလို ၀တ်ကြည့်ချင်လို့ ဆိုတဲ့ မိန်းခလေးတွေလည်း မနည်းပါဆိုတာပါတွေ့ရပါတယ်။(^◇^)

မေး၂- မင်္ဂလာဆောင်အခမ်းနားအတွက် မှန်းထားတဲ့(သုံးစွဲခဲ့တဲ့)ကုန်ကျစရိတ်ကို

ဖြေ-

မေး၃-ဘယ်နေရာမှာ မင်္ဂလာပွဲကျင်းပချင်ပါသလဲဆိုတော့

ဖြေ- ယောင်္ကျားလေးတွေက ဟိုတယ်မှာ၊ ခန်းမမှာ အများဆုံးကျင်းပချင်ကြပြီး၊

မိန်းခလေးတွေကတော့ ဟိုတယ်၊ ခန်းမတွေအပြင် ဧည့်ရိပ်သာ၊ စားသောက်ဆိုင်တွေမှာ ကျင်းပချင်တဲ့သူတွေများတာကိုလည်းတွေ့ရပါတယ်။

အင်းဒီအဖြေပေါ်ကြည့်ပြီး ယောင်္ကျားလေးတွေက လှလှပပနဲ့ မင်္ဂလာဆောင်ကျင်းပချင် တယ်ဆိုတဲ့ ရလဒ် (Result) ကို အရေးထားတာတွေ့ရပြီး၊

မိန်းခလေးတွေက နှစ်ယောက်သား တိုင်ပင်ယင်းနဲ့ အစီစဉ်တွေဆွဲလိုက်၊ လုပ်လိုက်ဆိုတဲ့ စီမံဆောင်ရွက်မှု ( Process)အပေါ်မှာအလေးထားတာကို သွားတွေ့လိုက်ရတယ်။


တကယ် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကျတဲ့အခါမှာ နှစ်ယောက်သားတိုင်ပင်ပြီးလုပ်ရမယ့် အလုပ်တွေက အများကြီး။

ဖိတ်ရမယ့် နှစ်ဖက်ဆွေမျိုး၊သူငယ်ချင်းတွေ၊ နေရာ၊ အခမ်းနားပုံစံ၊ကုန်ကျခံမယ့် ကုန်ကျစရိတ် စတာ စတာတွေ။ အဲဒီအခါမှာ ရည်စားဘ၀တုန်းက မသိနိုင်ခဲ့တဲ့ အတွေးခေါ်၊ အယူဆတွေ၊ ခံယူချက်တွေကို တွေ့မြင်ရတာပေါ့။

တစ်ယောက်အမြင်ကို တစ်ယောက် လေးစား၊အလေးထားယင်းနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတာဟာ၊ နှစ်ယောက်ပေါင်းတဲ့ ဘ၀သစ်ကို တည်ထောင်ဖို့ ပြင်ဆင်ကြတယ်လို့လည်း ဆိုနိုင်တာပေါ့နော်။

နောင် တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်လို့ ရန်ဖြစ်ကြတဲ့အခါမှာ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ ထုတ်ကြည့်ယင်းနဲ့ ပြန်လည် ငြိမ်းချမ်းရေးယူကြတဲ့ စုံတွဲတွေလည်းမနည်းဘူးတဲ့။

ဒီလိုဆိုတော့လည်း မင်္ဂလာဆောင်ဖို့ ပြင်ဆင်တာဆိုတာကလည်း သူ့အဓိပါယ်နဲ့ သူတော့ အရှိသားပါကလား။

နှစ်လွာပေါင်းယှက်၊ စွယ်တော်ရွက်လို

လမင်းနံဘေး၊ကြယ်စင်လေးလို

ရေပြင်ပေါ်တင့်၊ ရွှေကြာပွင့်လို

တူယှဉ်လက်တွဲ၊ ဘ၀ခရီးလမ်းထဲ

မခွဲမခွာ၊ နှစ်ရာတိုင်အောင်

မုန်းဟန်မပျိုး၊ ချစ်သဒ္ဒါတို့းလို့

စိတ်တူကိုယ်တူ၊ ကြည်ဖြူပါလို့

ဒီလင်ဒီမယား၊ အိုအောင်မင်းအောင်

ပေါင်းဖက်ကြည်နူးနိုင်စေသောင်။။

(ကြားဖူးတဲ့ မြန်မာကဗျာလေးပါ။)

တန်းတူညီမျှနဲ့ တစ်ဦးကိုတစ်ဦးကို ချစ်ခင် လေးစား ရိုသေမယ်ဆိုရင် အိမ်ထောင်ဖက် ၂ ယောက်အကြားက မေတ္တာစီးကြောင်းဟာ ပိုမို ခိုင်မြဲပြီး ရှည်လျားလာမှာပါ။ 彡☆

No comments: